Huawei ကုမ္ပဏီတည်ထောင်သူနဲ့ လက်ရှိ CEO Ren Zhengfei က Apple ရဲ့ ပရိတ်သတ်တဦးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ Apple ဟာ စမတ်ဖုန်းဈေးကွက်မှာ Huawei ရဲ့ အကြီးမားဆုံး ပြိုင်ဘက်ကုမ္ပဏီတခုဖြစ်ပေမယ့် သူ့မိသားစုဝင်တွေကို iPhones ဝယ်ပေးလေ့ရှိကြောင်း Mr. Zhengfei က တရုတ်အစိုးရပိုင်မီဒီယာတခုဖြစ်တဲ့ South China Morning Post ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“iPhones မှာ Ecosystem (ထုတ်ကုန်ပစ္စည်းများရဲ့ အပြန်အလှန်ချိတ်ဆက်မှုစနစ်) ကောင်းကောင်းရှိပါတယ်။ ကျနော့်မိသားစု နိုင်ငံခြားရောက်ရင် သူတို့အတွက် iPhones ဝယ်ပေးဖြစ်ပါတယ်။ Huawei ကို ချစ်တာနဲ့ Huawei ဖုန်းတွေကို ချစ်ရမယ်လို့ အမြင်မကျဉ်းသင့်ပါဘူး” လို့ Mr. Zhengfei က ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်မှုကြောင့် တရုတ်ပြည်တွင်းမှာ Apple သပိတ်မှောက်ရေး ဖြစ်နေမှုအပေါ် ဖြေကြားရင်းနဲ့ အထက်ပါအတိုင်း ပြောခဲ့တာဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ ယခုတပတ် အစောပိုင်းတုန်းက Huawei ကုမ္ပဏီကို ‘Entity List’ ထဲ ထည့်သွင်းခဲ့ပြီး၊ အမေရိကန်ကုမ္ပဏီတွေကို Huawei နဲ့ စီးပွားရေးလုပ်ခွင့် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။ Huawei အနေနဲ့ Google ဆီက Android Updates ဆက်ရဖို့နဲ့ ဆက်သွယ်ရေးကွန်ရက်တွေ ထိန်းသိမ်းဖို့အတွက် အချိန်သုံးလပဲ ရမှာဖြစ်ပါတယ်။
ဒီလုပ်ရပ်ဟာ အမေရိကန်အစိုးရက Huawei ကုမ္ပဏီရဲ့ အင်အားကို အထင်သေးလိုက်တာ ဖြစ်ပြီး၊ ကုမ္ပဏီအနေနဲ့ အမေရိကန်ကုမ္ပဏီတွေကို အားမကိုးဘဲ လုပ်ငန်းလည်ပတ်နိုင်အောင် ပြင်ဆင်ပြီး ဖြစ်တယ်လို့ Mr. Zhengfei က ဆိုပါတယ်။
“အမေရိကန်ရဲ့ ရက် ၉၀ ယာယီလိုင်စင်က ကျနော်တို့အတွက် အကျိုးသက်ရောက်မှု သိပ်မရှိပါဘူး။ ကျနော်တို့ဘက်က အားလုံးအဆင်သင့်ပါပဲ” လို့ ယခုတပတ် အစောပိုင်းတုန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မိခင်တရုတ်နိုင်ငံမှာ Apple သပိတ်မှောက်မှုကနေ အကျိုးအမြတ် ရရှိနိုင်ပေမယ့်၊ Huawei အကြီးအကဲဟာ အမေရိကန်အစိုးရပေါ်လစီကြောင့် Apple ကို တွန်းအားပေးမှုအပေါ် ဆန့်ကျင်လိုက်တာပါ။
Apple ထုတ်ကုန်ပစ္စည်းတွေကို Huawei တည်ထောင်သူအပြင် အခြားဝန်ထမ်းတွေလည်း အသုံးပြုကြပြီး၊ ယခုနှစ်အစောပိုင်းတုန်းက Huawei ရဲ့ တရားဝင်အကောင့်တခုမှာ Tweet တခုကို “Twitter for iPhone” ကနေ တင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် အဆိုပါဖြစ်ရပ်မှာတော့ တာဝန်ရှိ ဝန်ထမ်းနှစ်ဦးကို ရာထူးချခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
Ref: Independent
You may also like these stories:
Android နဲ့ Windows တို့ သုံးခွင့်မရပါက ကိုယ်ပိုင် OS တွေ အဆင်သင့် ရှိကြောင်း Huawei ပြောကြား
Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်
Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း
5G ကွန်ရက်မှာ Huawei ကို အပြီးတိုင် ပိတ်ပင်စရာ မလိုကြောင်း ဗြိတိန် ဆို