လူတယောက်ရဲ့ ဓာတ်ပုံတပုံရှိရုံနဲ့တင် အစစ်အလား ထင်မှတ်မှားရတဲ့ ဗီဒီယိုအတုတွေ ဖန်တီးနိုင်တဲ့ နည်းပညာတခုကို Samsung က ပြသလိုက်ပါတယ်။ မသမာသူတွေ လက်ထဲရောက်လာရင် ခန့်မှန်းလို့မရနိုင်တဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်တဲ့ နည်းပညာဆိုလည်း မမှားပါဘူး။ လောလောဆယ်တော့ Samsung လက်ထဲမှာပဲ ရှိပါသေးတယ်။
Deepfake ဆိုတာ လူတယောက် တခါမှ မလုပ်ဘူး၊ မပြောဘူးတာတွေကို ပြောနေ၊ လုပ်နေသယောင် ဗီဒီယိုအတုတွေ ဖန်တီးတဲ့ နည်းစနစ်ကို ခေါ်တာ ဖြစ်ပါတယ်။ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ဗီဒီယိုအတုတွေ ဖန်တီးရာမှာ Deepfake ကို အသုံးပြုလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် သဘာဝကျတဲ့ Deepfake ဗီဒီယိုတခု ဖန်တီးနိုင်ဖို့အတွက် လူတယောက်ရဲ့ နမူနာ ဓာတ်ပုံ၊ ဗီဒီယို ပုံရိပ်ပေါင်းများစွာ လိုအပ်ပါတယ်။ ဒါပေမယ့် အခု Samsung က ဖန်တီးလိုက်တဲ့ Deepfake AI စနစ်ကတော့ ဓာတ်ပုံတပုံရှိရုံနဲ့တင် အလုပ်ဖြစ်ပါတယ်။
Deepfake ဟာ မကောင်းတာချည်း ပြည့်နေတဲ့ နည်းပညာတော့ မဟုတ်ပါဘူး။ ဂန္တဝင်ပုံတူ ပန်းချီကားတချပ်ကို အသက်သွင်းတာမျိုး ပျော်စရာကောင်းတဲ့ ဖန်တီးမှုတွေလည်း လုပ်နိုင်ပါတယ်။ ဒီနည်းပညာရဲ့ စွမ်းရည်ကို ပြသဖို့အတွက် Samsung က နာမည်ကျော် မိုနာလီဇာ ပန်းချီကားကို မတူညီတဲ့ ဗီဒီယိုသုံးခုအဖြစ် အသက်သွင်းပြထားပါတယ်။ ယခု နည်းပညာကိုတော့ ရုရှားနိုင်ငံမှာရှိတဲ့ Samsung AI သုတေသနစင်တာတခုက ဖန်တီးထားတာပါ။
Samsung AI စင်တာက သိပ္ပံပညာရှင်တွေဟာ YouTube ကနေ ရယူထားတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ဓာတ်ပုံပေါင်း ၇,၀၀၀ ကျော်ပါ Database ကို အသုံးပြုပြီး အယ်ဂရစ်သမ် (Algorithm) စနစ်ကို “အဓိက” လူ့မျက်နှာအစိတ်အပိုင်းပုံသဏ္ဍာန်တွေ သိရှိအောင် သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ AI စနစ်ဟာ မျက်နှာပုံသဏ္ဍာန်နဲ့ လှုပ်ရှားမှုပုံစံတွေကို ဓာတ်ပုံတပုံမှာ ချိတ်ဆက်ထည့်သွင်းပြီး၊ ဗီဒီယိုအတုတခုအဖြစ် ဖန်တီးပေးတာ ဖြစ်ပါတယ်။ နမူနာဓာတ်ပုံ ပိုများရင် ဗီဒီယိုကလည်း သဘာဝပိုကျတယ်လို့ သိရပါတယ်။ အောက်ဖော်ပြပါ ဗီဒီယိုမှာ နမူနာဓာတ်ပုံ ၁ ပုံ၊ ၈ ပုံနဲ့ ၃၂ ပုံ ရဲ့ ကွာခြားချက်ကို တွေ့မြင်နိုင်ပါတယ်။
“Deepfakes” တွေရဲ့ အန္တရာယ်နဲ့ ပတ်သတ်ပြီး ဟောလီးဝုဒ်မင်းသမီး Scarlett Johansson ကလည်း ယခုနှစ်အစောပိုင်းတုန်းက ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။ သူမမျက်နှာကို လိင်မှုကိစ္စဗီဒီယိုတွေမှာ ထည့်သွင်း အသုံးချတဲ့ Deepfakes ထက် ဆိုးရွားတဲ့အရာတွေ အင်တာနက်မှာ အပုံလိုက်ရှိသေးကြောင်းလည်း ပြောသွားခဲ့ပါတယ်။
ဓာတ်ပုံ၊ ဗီဒီယိုအတုတွေ ဖန်တီးတာဟာ အင်တာနက်ခေတ်မှာ ဆန်းတဲ့အရာတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် အခုလိုမျိုး ဓာတ်ပုံတပုံရှိရုံနဲ့ တင် အစစ်အလား ထင်မှတ်မှားရတဲ့ ဗီဒီယိုအတုတွေကို အလွယ်တကူ ဖန်တီးနိုင်တာကတော့ စိုးရိမ်စရာကောင်းပါတယ်။ Twitter, Reddit တို့အပြင် Pornhub လိုမျိုး ၁၈ နှစ်အထက် ဝဘ်ဆိုဒ်တွေကလည်း AI နဲ့ ဖန်တီးထားတဲ့ Deepfakes ဗီဒီယိုတွေကို ရှင်းလင်းဖယ်ရှားလျက် ရှိပါတယ်။
Ref: Cnet, The Verge, Gadgets 360
You may also like these stories:
အပေါ့ပါးဆုံး Samsung Tablet ဖြစ်လာတဲ့ Galaxy Tab S5e ကို မိတ်ဆက်
Notebook Odyssey နဲ့ Gaming Laptop ဈေးကွက်ကို ထိုးဖောက်မယ့် Samsung
တရုတ်နိုင်ငံတွင် Galaxy Fold ရောင်းချမည့် ပွဲများကို Samsung ရွှေ့ဆိုင်း
“မကွဲအက်နိုင်တဲ့ OLED Display အပျော့” ကို Samsung မိတ်ဆက်ပြသ