Vivo က Z စီးရီး မော်ဒယ်အသစ် Z5x ကို တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ သောကြာနေ့က မိတ်ဆက်လိုက်ပါတယ်။ Vivo Z5x ဟာ ဒီဇိုင်းပိုင်းအရ အရင် Z စီးရီးတွေကနေ ခွဲထွက်နေတဲ့ ဖုန်းတလုံးပါ။ ဖုန်းအရှေ့ကင်မရာအတွက် မျက်နှာပြင်မှာ အပေါက်ဖောက်ထားတဲ့ (Punch-hole) ဒီဇိုင်းကို အသုံးပြုထားပြီး၊ Vivo ဖုန်းတွေထဲမှာ ယခုဒီဇိုင်းသစ်ကို အသုံးပြုထားတဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။
မျက်နှာပြင်မှာ ရှေ့ကင်မရာအတွက် အပေါက်သေးတခုပဲ ပါဝင်တဲ့အတွက် Screen က ဖုန်းကိုယ်ထည်အပြည့်နီးပါး ဖြစ်နေမှာပါ။ ကျောဘက်ကိုယ်ထည်မှာ ကင်မရာ ၃ လုံးနဲ့ ဖလက်ရှ်မီး တလုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး၊ သူ့ဘေးမှာတော့ လက်ဗွေရာ ဆန်ဆာကို မြင်တွေ့ရမှာပါ။ ရှေ့ကင်မရာက 16MP, f/2.0 ဆန်ဆာတလုံးတည်း ဖြစ်ပါတယ်။
ကျောကင်မရာ ၃ လုံးမှာ အဓိကကင်မရာက f/1.78 aperture နဲ့ 16MP ဆန်ဆာ၊ ဒုတိယကင်မရာက 8MP မြင်ကွင်းကျယ်ဆန်ဆာ ဖြစ်ပြီး၊ တတိယအလုံးကတော့ 2MP Depth ဆန်ဆာ ဖြစ်ပါတယ်။
Vivo Z5x ဖုန်းကို သတ္တုကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး Extreme Night Black၊ Phantom Black နဲ့ Aurora အရောင် ၃ မျိုး ထုတ်သွားမှာ ဖြစ်ပါတယ်။ Aurora မော်ဒယ်တခုပဲ အရောင်ပြေး ဒီဇိုင်းနဲ့ပါ။
Vivo Z5x မှာ ၆.၅၃ လက်မအကျယ်ရှိ FHD+ အရည်အသွေးရှိ LCD Display ကို အသုံးပြုထားပါတယ်။ Snapdragon 710 Chipset နဲ့ ဖြစ်ပြီး၊ 4GB၊ 6GB နဲ့ 8GB RAM မော်ဒယ်ကွဲ သုံးမျိုး ရရှိမှာပါ။ Storage ကိုတော့ 64GB နဲ့ 128GB နှစ်မျိုး ရွေးနိုင်မှာ ဖြစ်ပါတယ်။ microSD ကတ်ကိုလည်း 256GB အထိ ထပ်စိုက်နိုင်ပါသေးတယ်။
ကြီးမားတဲ့ 5,000mAh ဘက်ထရီကို အသုံးပြုထားပြီး၊ USB-C Port နဲ့ ဖြစ်ပါတယ်။ ဘက်ထရီကြီးပေမယ့် ဖုန်းကိုယ်ထည်က ၈.၈၅ မီလီမီတာ အထူ ရှိပြီး၊ အလေးချိန်ကတော့ ၂၀၄.၁ ဂရမ် ပါ။
Vivo Z5x ကို Android 9,0 Pie စနစ်အခြေခံ Funtouch OS 9 နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အနိမ့်ဆုံး 4GB+64GB မော်ဒယ်ကို ၁,၃၉၈ ယွမ် (၂၀၂ ဒေါ်လာခန့်) နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး၊ အမြင့်ဆုံး 8GB+128GB မော်ဒယ်လိုချင်ရင်တော့ ၁,၉၉၈ ယွမ် (၂၈၉ ဒေါ်လာခန့်) ပေးရမှာ ဖြစ်ပါတယ်။ Vivo ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ကနေ ကြိုတင် မှာယူထားနိုင်ပြီဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ ဇွန်လ ၁ ရက်နေ့ စတင် ရောင်းချသွားမှာပါ။
Ref: Gizmo China, GSM
You may also like these stories:
တန်ဖိုးနည်းဖုန်းအသစ် Redmi 7A ကို Xiaomi ကြေညာ
Pop-up ကင်မရာပါတဲ့ တန်ဖိုးသင့် K3 ဖုန်းကို OPPO မိတ်ဆက်
ရှည်လျားတဲ့ မျက်နှာပြင်နဲ့ One Vision စမတ်ဖုန်းကို Motorola
DJI ဒရုန်းအသစ်တွေမှာ လေယာဉ် နီးကပ်လာရင် သတိပေးမယ့် ဆန်ဆာများ ပါဝင်လာမည်