IT

တရုတ်အစိုးရက Apple ကို လက်တုံ့ပြန်ပါက သူအရင် ဆန္ဒပြမှာဖြစ်ကြောင်း Huawei CEO ပြောကြား

အမေရိကန်အစိုးရက Huawei ကို ပိတ်ပင်တားမြစ်မှုတွေ လုပ်ခဲ့ပေမယ့် Huawei ကုမ္ပဏီရဲ့ CEO ဖြစ်သူ Ren Zhengfei ကတော့ ပြိုင်ဘက်အမေရိကန်ကုမ္ပဏီ Apple ဘက်က ခုခံကာကွယ်ပေးနေပါတယ်။

တရုတ်ပြည်တွင်းမှာ Apple ကို သပိတ်မှောက်ရန် လှုံ့ဆော်မှုတွေနဲ့ ပတ်သတ်ပြီး Bloomberg နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ Ren က ဘေဂျင်းအစိုးရဘက်က အလားတူ လက်တုံ့ပြန်မှုမျိုး လုပ်ခဲ့ပါက ကန့်ကွက်ဆန့်ကျင်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “ဒီလိုမျိုး ဖြစ်မှာမဟုတ်ပါဘူး။ အကယ်၍ ဖြစ်ခဲ့ရင်တောင် ကျနော်ကိုယ်တိုင် အရင်ဆုံး ဆန္ဒပြသွားမှာပါ ဖြစ်ပါတယ်” လို့ Ren က ဆိုခဲ့ပါတယ်။

“Apple ဆိုတာ ကမ္ဘာ့ထိပ်သီး ကုမ္ပဏီတခုပါ။ Apple မရှိဘူးဆိုရင် မိုဘိုင်းအင်တာနက် ဆိုတာတောင် ရှိလာမှာ မဟုတ်ပါဘူး။ Apple က ကျနော့်ကို သင်ကြားပြသပေးသူပါပဲ။ ကျနော်တို့ မျက်စိရှေ့မှာတင် အလျင်အမြန်နဲ့ တိုးတက်နေပါတယ်။ ကျနော့်ကို သင်ကြားပြသပေးတဲ့ ဆရာသမားကို ကျနော်က ဘာလို့ ဖီဆန်ရမှာလဲ” လို့ Ren က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

Ren ဟာ သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ Huawei ကုမ္ပဏီ အကြပ်အတည်းတွေ့နေချိန်မှာ အထက်ပါအတိုင်း မှတ်ချက်ပေးပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနဟာ ယခုလအစောပိုင်းတုန်းက Huawei ကို ကုန်သွယ်မှုတားမြစ်တဲ့စာရင်းထဲ ထည့်သွင်းခဲ့ပြီး၊ အမေရိကန်ကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ခွင့် ပိတ်ပင်တားမြစ်ခဲ့ပါတယ်။

အဆိုပါ ပိတ်ပင်မှုကြောင့် Google နဲ့ ARM Holdings လို နည်းပညာကုမ္ပဏီကြီးတွေဟာ တရုတ်ကုမ္ပဏီ Huawei နဲ့ စီးပွားရေးအဆက်အသွယ် ဖြတ်ခဲ့ရပါတယ်။ UK နဲ့ ဂျပန်က ဆက်သွယ်ရေးကုမ္ပဏီတွေကလည်း Huawei စမတ်ဖုန်းတွေ ဖြန့်ဖြူးရောင်းချဖို့ကို ဆိုင်းငံ့ထားကြပါတယ်။

အမေရိကန်ရဲ့ တားမြစ်ပိတ်ပင်မှုတွေက ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးကွန်ရက်ပစ္စည်းထုတ်လုပ်သူ၊ ကမ္ဘာ့အဆင့် ၂ စမတ်ဖုန်း အမှတ်တံဆိပ်စတဲ့ Huawei ရဲ့ ဈေးကွက်ရပ်တည်မှုကို ခြိမ်းခြောက်မှုတွေ ရှိလာပါတယ်။

ဝါရှင်တန်အစိုးရဟာ Huawei ရဲ့ တိုးတက်နေတဲ့ အရှိန်အဟုန်ကို ရပ်တန့်လိုက်သလို ဖြစ်တာကြောင့် စမတ်ဖုန်းဈေးကွက် မငြိမ်မသက် ဖြစ်လာနိုင်ကြောင်း ဈေးကွက်သုတေသန ကုမ္ပဏီတခုဖြစ်တဲ့ Fitch Ratings က ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါ့အပြင် အဆိုပါပိတ်ပင်မှုကြောင့် တကမ္ဘာလုံးက ဖုန်းဝယ်မယ့်သူတွေအနေနဲ့ Huawei ဖုန်းတွေအစား အခြားဖုန်းဝယ်ဖို့ပဲ ရှာကြတော့မှာဖြစ်တာကြောင့် စမတ်ဖုန်းဈေးကွက်မှာ ဦးဆောင်နေတဲ့ Samsung အတွက် အကျိုးအမြတ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

Huawei ဟာ မိခင်တရုတ်နိုင်ငံဈေးကွက်မှာ မတ်လကုန် သုံးလပတ်အတွင်း စမတ်ဖုန်းအလုံးရေ သန်း ၃၀ အထိ ရောင်းချနိုင်ခဲ့ပါတယ်။ ယမန်နှစ်၊ သုံးလပတ်ထက် ၄၁ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့တာ ဖြစ်တယ်လို့ ဈေးကွက်သုတေသန ကုမ္ပဏီတခုဖြစ်တဲ့ Canalys က ဆိုပါတယ်။

Apple ကတော့ အဆိုပါ သုံးလပတ်အတွင်း တရုတ်ပြည်တွင်းမှာ iPhones ရောင်းအား ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ဈေးကွက်ဟာ Apple အတွက် အဓိကဈေးကွက်တခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့ ပါဝင်တဲ့ Greater China မှာ မတ်လကုန် သုံးလပတ်အတွင်း iPhones ရောင်းချခဲ့ရမှုက တကမ္ဘာလုံး စုစုပေါင်းရောင်းချရမှုရဲ့ ၁၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လက ဝင်ငွေကြေညာချက်မှာ Apple CEO Tim Cook က ဘေဂျင်းနဲ့ ဝါရှင်တန်အစိုးရအကြား ကုန်သွယ်ရေးဆွေးနွေးမှု တိုးတက်လာတာကြောင့်နဲ့ တရုတ်ဈေးကွက်အတွင်း ဖုန်းတန်ဖိုးသတ်မှတ်မှု အပေါ် အသုံးပြုသူတွေထံက အလွန်ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေ ရရှိခဲ့တာကြောင့် တရုတ်နိုင်ငံအတွင်း iPhones ရောင်းချရမှုလည်း တိုးတက်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် Tim Cook ပြောပြီးနောက်မှာ ဝါရှင်တန်နဲ့ ဘေဂျင်းအစိုးရအကြား ကုန်သွယ်ရေးဆွေးနွေးမှုတွေက အခြေအနေ ပိုဆိုးရွားလာပြီး၊ နှစ်ဘက်စလုံးက အမေရိကန်နဲ့ တရုတ်ထုတ်ကုန်ပစ္စည်းတွေကို ဒေါ်လာဘီလျံနဲ့ ရှိတဲ့ ဒဏ်ကြေးပမာဏတွေ သတ်မှတ်ခဲ့ကြပါတယ်။ ပြန်လည်တင်းမာလာတဲ့ ကုန်သွယ်ရေးအခြေအနေဟာ Apple ကိုလည်း ထိခိုက်နိုင်တယ်လို့ Fitch Ratings က ခန့်မှန်းထားပါတယ်။

“ကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲမှာ Apple က နောက်ထပ်ဓားစာခံ ဖြစ်လာနိုင်ပါတယ်။ တရုတ်ဈေးကွက်အတွင်း ကုမ္ပဏီရဲ့ ဈေးကွက်ဝေစုကလည်း ပိုမိုမြန်ဆန်စွာ ကျဆင်းလာနိုင်ပါတယ်” လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက အမေရိကန်သမ္မတ Donald Trump ဟာ Huawei ဟာ အန္တရာယ်အလွန်ကြီးပေမယ့် တရုတ်နဲ့ ကုန်သွယ်ရေး ညှိနှိုင်းမှုမှာ Huawei ကို အားသာချက်တခုအနေနဲ့ ထည့်သွင်းအသုံးချနိုင်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Huawei ကုမ္ပဏီတည်ထောင်သူလည်းဖြစ်၊ လက်ရှိ CEO လည်းဖြစ်တဲ့ Ren Zhengfei ကတော့ Trump က သူ့ကုမ္ပဏီကို ညှိနှိုင်းရာမှာ ဈေးဆစ်ဖို့အတွက် (Bargaining Chip) သဖွယ် အသုံးပြုခြင်းက “တကယ့်ဟာသ” ဖြစ်ကြောင်း Bloomberg ကို ပြောကြားသွားခဲ့ပါတယ်။ “တရုတ်-အမေရိကန် ကုန်သွယ်ရေးနဲ့ ကျနော်တို့ကုမ္ပဏီ ဘာများဆိုင်လို့လဲ” လို့ Ren က မေးခွန်းထုတ်သွားခဲ့ပါတယ်။

Ref: CNN

You May Also Like These Stories:

Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း 

Android နဲ့ Windows တို့ သုံးခွင့်မရပါက ကိုယ်ပိုင် OS တွေ အဆင်သင့် ရှိကြောင်း Huawei ပြောကြား 

မိသားစုကို iPhone တွေ ဝယ်ပေးဖြစ်ကြောင်း Huawei CEO ပြောကြား

iOS, Mac နဲ့ Apple TV တွေကနေ ဆော့ကစားနိုင်မယ့် ဂိမ်းလစဉ်ကြေး ဝန်ဆောင်မှု Apple Arcade 

Loading