IT

တကိုယ်လုံး 3D Scan ဖတ်ခွင့်ပေးရင် ၂၅ ဒေါ်လာတန် လက်ဆောင်ကတ်ပေးမယ်လို့ Amazon ကြေညာ

ခန္ဓာကိုယ်တခုလုံး 3D Scan ဖတ်ခွင့်ပြုသူတိုင်းကို ၂၅ ဒေါ်လာတန် လက်ဆောင်ကတ် ပေးအပ်သွားမယ့် အစီအစဉ်တခုကို Amazon က ကြေညာလိုက်ပါတယ်။ အင်တာနက်နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ Amazon ဟာ New York ရုံးမှာ “ခန္ဓာကိုယ် ပုံစံအမျိုးမျိုးရဲ့ ကွဲပြားခြားနားမှုတွေကို လေ့လာဖို့အတွက်” သုတေသနတခု ဆောင်ရွက်လျက် ရှိပါတယ်။

ဒီသုတေသနမှာ ပါဝင်လိုသူတွေအနေနဲ့ New York ရုံးခန်းမှာ မိနစ် ၃၀ လာရောက် တွေ့ဆုံဖို့အတွက် စာရင်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်တမ်းတခု ဖြေဆိုပြီး၊ ခန္ဓာကိုယ်တခုလုံးကို 3D စကင်၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးခံရမှာ ဖြစ်ပါတယ်။

Amazon အနေနဲ့ Echo ထုတ်ကုန်တွေက ဒေတာ ကောက်ယူမှုနဲ့ လူ့မျက်နှာ စစ်ဆေးဖတ်ရှုနိုင်တဲ့ ဆော့ဖ်ဝဲတခု ထုတ်လုပ်မှုတို့ကြောင့် တကိုယ်ရည် လွတ်လပ်ခွင့် ထိပါးတယ်ဆိုတဲ့ စိုးရိမ်ဝေဖန်မှုတွေ ရင်ဆိုင်နေရချိန်မှာ ယခု သုတေသနကို ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။

သုတေသနမှာ ပါဝင်သူတွေအနေနဲ့ “နေ့စဉ်ဝတ်နေကျ အဝတ်အစား” နဲ့ တခါ၊ “ခန္ဓာကိုယ် အချိုးအစား ပေါ်လွင်တဲ့ ကိုယ်ကြပ်ဝတ်စုံ” နဲ့ တခါ ရိုက်ကူးခံရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကိုတော့ ဘီကီနီ ဒါမှမဟုတ် ကိုယ်ကြပ် ဘောင်းဘီတို၊ အားကစားဘရာတို့နဲ့ ရိုက်ကူးဖွယ် ရှိပါတယ်။ အရပ်နဲ့ ကိုယ်အလေးချိန် တို့ကိုလည်း တိုင်းတာပြီး မှတ်တမ်းတင်ထားမှာပါ။

3D Scan ရိုက်ကူးခံသူတွေရဲ့ ဒေတာတွေကို “ကုမ္ပဏီတွင်း ထုတ်ကုန်နည်းပညာ သုတေသနမှာပဲ အသုံးပြုသွားမှာဖြစ်တယ်လို့” Amazon က ပြောကြားထားပါတယ်။ ဒီဒေတာတွေကို မားကတ်တင်းအတွက်လုံးဝ အသုံးပြုမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ပါဝင်သူတွေအနေနဲ့ တကိုယ်လုံး 3D Scan ရိုက်ကူးခံပြီးရင် ၂၅ ဒေါ်လာတန် လက်ဆောင်ကတ်တခု ရရှိမှာ ဖြစ်ပါတယ်။

ယခုသုတေသနကို Amazon Body Labs က ဦးဆောင် ပြုလုပ်နေတာ ဖြစ်ပါတယ်။ Body Labs ဟာ 3D ခန္ဓာကိုယ်ပုံစံတူ မော်ဒယ်တွေကို ရှော့ပင်းနဲ့ ဗီဒီယိုဂိမ်းတွေမှာ အသုံးပြုဖို့ ဖန်တီးပေးတဲ့ ကုမ္ပဏီတခုဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်မှာ Amazon က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ Body Labs ရဲ့ နည်းပညာကို တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေမှာလည်း အသုံးချနိုင်ပါတယ်။

Amazon ဟာ ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ ခန္ဓာကိုယ် စကင်ဖတ် လေ့လာမှုတခု ပြုလုပ်ခဲ့ပါသေးတယ်။ အဆိုပါလေ့လာမှုတုန်းက ပါဝင်သူတွေရဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုပုံစံတွေကို ရက်သတ္တပတ် ၂၀ အထိ လေ့လာခဲ့တာ ဖြစ်ပါတယ်။

Amazon အနေနဲ့ လေ့လာမှုအသစ်က ရရှိတဲ့ ဒေတာတွေကို ဘာအတွက် အသုံးပြုမလဲဆိုတာကိုတော့ ထုတ်ဖော် မပြောကြားထားပါဘူး။ ဒါပေမယ့် Amazon Echo Look လိုမျိုး ထုတ်ကုန်ပစ္စည်းတွေအတွက် ဒီဒေတာတွေက အသုံးဝင်မှာပါ။

Echo Look ဟာ ကိုယ့်ခန္ဓာကိုယ်နဲ့ လိုက်ဖက်မယ့် အဝတ်အစားတွေကို ရွေးချယ်ပေးနိုင်တဲ့ စတိုင်အကြံပေး ကင်မရာတခု ဖြစ်ပါတယ်။ ဒါမှမဟုတ် အွန်လိုင်းက ရောင်းချထားတဲ့ အဝတ်အထည်တွေကို  ခန္ဓာကိုယ်မှာ အစမ်းဝတ်ကြည့်နိုင်တဲ့ အိမ်သုံးခန္ဓာကိုယ်စကင်နာ တခုအတွက်လည်း အသုံးချနိုင်မှာပါ။

Ref: Daily Mail, The Verge

You may also like these stories:

၃၆၀ ဒီဂရီ နဲ့ ၁၈၀ ဒီဂရီ ပုံရိပ်တွေ ရိုက်ကူးနိုင်တဲ့ Insta360 EVO ခေါက်ချိုးကင်မရာကို မိတ်ဆက်

G8 ThinQ ဖုန်းမှာ 3D ရှေ့ကင်မရာစနစ် ပါဝင်လာမှာဖြစ်ကြောင်း LG အတည်ပြု

Android ဖုန်းတွေရဲ့ Face ID စနစ်ကို 3D ခေါင်းအတုနဲ့ စမ်းသပ်

နှစ်စဉ် ကလေးငယ် ၁၀ သန်းကျော်ကို Coding သင်ပေးမယ့် Amazon

Loading