ထိုင်ဝမ်နိုင်ငံမှာ လက်ရှိ ကျင်းပပြုလုပ်လျက်ရှိတဲ့ Computex 2019 ပွဲမှာ ASUS က နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် အမိုက်စား ထုတ်ကုန်အသစ် အများအပြားကို မိတ်ဆက်လျက် ရှိပါတယ်။ အားလုံးထဲမှာ ပရိတ်သတ်အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ဆုံး ပစ္စည်းတခုကတော့ ZenBook Pro Duo ဖြစ်ပါတယ်။
တခြား လက်ပ်တော့တွေနဲ့ မတူတာက ZenBook Pro Duo မှာ 4K မျက်နှာပြင်နှစ်ခု ထည့်သွင်းပေးထားတာပါ။ ၁၅.၆ လက်မ အရွယ်အစားရှိတဲ့ ဘောင်မဲ့ 4K HDR OLED Display တခုအပြင်၊ သူ့အောက် ကပ်လျက်မှာ နောက်ထပ် ၁၄ လက်မအရွယ် 4K Display တခု ပါဝင်ပါတယ်။ ဒီအပို Display ကို “ScreenPad Plus” လို့ ASUS က အမည်ပေးထားပါတယ်။
အဓိက Display နဲ့ တွဲဖက် အသုံးပြုနိုင်သလို၊ သီးသန့် မော်နီတာ တလုံးအသွင်လည်း အသုံးပြုနိုင်ပါတယ်။ အပေါ်က Display မှာ ဖွင့်ထားတဲ့ Apps တွေကို အောက်က Display ထဲ အလွယ်တကူ Drag ဆွဲချအသုံးပြုနိုင်သလို၊ အသုံးဝင်တဲ့ Tools တွေ၊ လုပ်ဆောင်ချက်တွေကိုလည်း ဖော်ပြထားနိုင်ပါတယ်။ ဒါ့အပြင် အပို Display မှာ Stylus လည်း သုံးနိုင်တာကြောင့်၊ ပုံဆွဲ၊ စာရေးတာတွေလည်း လုပ်နိုင်မှာပါ။
“ScreenPad Plus ကို Windows မှာ သုံးနေကျ အပိုမော်နီတာ တလုံးလို ကြိုက်နှစ်သက်ရာကို ဖော်ပြ အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် အချိန်ကုန်သက်သာတဲ့ လုပ်ဆောင်ချက်တွေ ထည့်ပေးထားတဲ့ ScreenXpert ထိန်းချုပ်ဆော့ဖ်ဝဲကနေလည်း Multiscreen နဲ့ App Management တို့ ကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်မှာပါ” လို့ ASUS က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ZenBook Pro Duo မှာ Trackpad နဲ့ Numpad ကိုလည်း LED touchpad အဖြစ် ညာဘက်မှာ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဒီလက်ပ်တော့ဟာ ဗီဒီယို တည်းဖြတ်ပြင်ဆင်သူတွေ၊ ဒီဇိုင်နာတွေနဲ့ Content ဖန်တီးသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ဖို့အတွက် Intel ရဲ့ 9th Gen Core i9-9980HD Processor၊ Nvida GeForce RTX 20180 (6GB GDDR6 VRAM) ဂရပ်ဖစ်ကတ်၊ 32GB RAM နဲ့ 1TB SSD တို့ ပါဝင်မှာပါ။
Wi-Fi 6, Bluetooth 5.0 တို့ ပါဝင်ပြီး၊ အနီအောက်ရောင်ခြည်သုံး ရှေ့ကင်မရာလည်း ပါဝင်ပါတယ်။ Amazon Alexa, Microsoft Cortana စတဲ့ ဒီဂျစ်တယ် အသံထိန်းချုပ် အထောက်အကူစနစ်တွေကို ကောင်းမွန်စွာ သုံးနိုင်ဖို့အတွက် မိုက်ခရိုဖုန်း ၄ လုံးအထိ တပ်ဆင်ပေးထားပါတယ်။ Thunderbolt 3 တပေါက်၊ USB-A နှစ်ပေါက်၊ 3.5mm ဂျက်ပင်ပေါက်နဲ့ HDMI အပေါက်တခုတို့ ပါဝင်မှာပါ။ အလေးချိန်က ၂.၅ ကီလိုဂရမ် (၅.၅ ပေါင်) ဆိုတော့ နည်းနည်းတော့ လေးပါလိမ့်မယ်။
ASUS ဟာ ZenBook Pro Duo ကို နောက်ထပ် အသေးစား မော်ဒယ်တခုလည်း ထုတ်သွားဖို့ ရှိပါတယ်။ ဒီမော်ဒယ် ZenBook Duo မှာတော့ အဓိက Display က ၁၄ လက်မ ဖြစ်သွားပြီး၊ အောက်က ဒုတိယ Display က ၁၂.၆ လက်မဖြစ်သွားပါတယ်။ နှစ်ခုစလုံး 4K Display မဟုတ်တော့ FullHD ဖြစ်သွားပါတယ်။ ထို့အတူ Processor ကို Intel Core i7, GPU ကို GeForce MX250 လျော့ချထားပြီး၊ RAM ကလည်း 16GB ဖြစ်သွားပါတယ်။
ZenBook Pro Duo နဲ့ ပိုသေးတဲ့ ရိုးရိုး ZenBook Duo မော်ဒယ်နှစ်ခုလုံးရဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် နေ့ရက်တို့ကိုတော့ မကြေညာသွားပါဘူး။ ယခုနှစ်၊ တတိယ သုံးလပတ်အတွင်း ထုတ်ပေးသွားမယ်လို့ ခန့်မှန်းရပါတယ်။
Ref: Digital Trends, The Verge, The Next Web
You may also like these stories:
Huawei Y6 Pro 2019 ကို ပြည်တွင်းဈေးကွက်တွင် ရောင်းချမည်
Gaming စမတ်ဖုန်း လောကကို တခေတ် ဆန်းစေမယ့် ASUS “ROG Phone”
ဆန်းပြားသည့် 3D အရောင်ပြေးဒီဇိုင်းနှင့် OPPO F11 Pro ကို မိတ်ဆက်မည်
Google ရဲ့ ပထမဆုံး Chrome OS Tablet ဖြစ်တဲ့ Pixel Slate ထွက်ရှိ