မိုးပျံကားထုတ်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေထဲမှာ Alaka’i Technologies ဆိုတဲ့ တက်သစ်စ ကုမ္ပဏီတခုလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။ Alaka’i ကုမ္ပဏီဟာ Skai’ လို့ နာမည်ပေးထားတဲ့ ဟိုက်ဒရိုဂျင် လောင်ဆာဆဲလ်နဲ့ မောင်းနှင်နိုင်တဲ့ မိုးပျံတက္ကစီ တစီးကို ထုတ်ဖော် ပြသလိုက်ပါတယ်။ မိုးပျံကားတွေထဲမှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သုံးမယ့် ပထမဆုံးကား ဖြစ်လာမှာပါ။
ပြိုင်ဘက် ကုမ္ပဏီတွေရဲ့ မိုးပျံကား ဒီဇိုင်းအများစုမှာ ဘက်ထရီကိုပဲ သုံးထားပေမယ့်၊ Skai မှာတော့ ဟိုက်ဒရိုဂျင်လောင်ဆာဆဲလ် နည်းပညာကို အစားထိုး အသုံးပြုထားပါတယ်။ ဘဘာဝပတ်ဝန်းကျင် ထိခိုက်မှု ပိုမို နည်းပါးပြီး၊ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ Alakai’ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်တဦးဖြစ်သူ Dr. Bruce Holmes က ပြောကြားခဲ့ပါတယ်။
လောင်ဆာဆဲလ်တွေဟာ ဘက်ထရီတွေထက် စွမ်းအင် သိပ်သည်းဆ ပိုများပြီး၊ အရွယ်အစားတူ ဘက်ထရီထက် စွမ်းအင် သိုလှောင်နိုင်မှုလည်း ပိုများတယ်လို့ Holmes က ဆိုပါတယ်။ Skai ရဲ့ လောင်ဆာဆဲလ်တွေကို ၉၉ ရာခိုင်နှုန်း ပြန်လည် အသုံးပြုနိုင်ပြီး၊ လစ်သီယမ်-အိုင်းယွန်းဘက်ထရီတွေမှာ တွေ့ရတတ်တဲ့ ရှားပါးသတ္တုတွေကို လုံးဝ အသုံးပြုထားခြင်း မရှိပါဘူး။ လောင်ဆာဆဲလ် သက်တမ်းကလည်း ဆယ်စုနှစ်နီးပါး အသုံးခံမှာ ဖြစ်ပါတယ်။
လောင်ဆာစွမ်းအင် ပြန်ဖြည့်ဖို့အတွက်လည်း ၁၀ မိနစ်သာ ကြာမှာဖြစ်ပြီး၊ ဘက်ထရီတွေ အားပြန်သွင်းရတာထက် ပိုမိုမြန်ဆန်တယ်လို့ Holmes က ပြောကြားခဲ့ပါတယ်။
Skai မိုးပျံတက္ကစီရဲ့ ဒလက် ၆ ခု ဒီဇိုင်းကိုတော့ BMW ရဲ့ Designworks နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ အစောဆုံးထုတ်မယ့် မော်ဒယ်တွေမှာ မောင်းသူ ပါဝင်မှာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ စနစ်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Skai မှာ ခရီးသည် ၄ ဦးနဲ့ ယာဉ်မောင်း ၁ ဦး လိုက်ပါစီးနင်းနိုင်ပြီး၊ ဝန်အလေးချိန် ပေါင် ၁၀၀ အထိ သယ်ဆောင်နိုင်ပါတယ်။ အမြင့်ဆုံးမြန်နှုန်း တနာရီ ၁၁၈ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်မှာပါ။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ တအိုး အပြည့်ဖြည့်ထားရင် မိုင်ပေါင်း ၄၀၀ သို့မဟုတ် ပျံသန်းချိန် ၄ နာရီလောက် မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။
ခရီးသည်တင် Skai Cab၊ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်ပေးမယ့် Skai Cargo၊ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ သုံးမယ့် Skai Med နဲ့ တကိုယ်ရည်သုံး သယ်ယူပို့ဆောင်ရေးယာဉ် Skai Carft ဆိုပြီး Skai မိုးပျံကား ၄ မျိုး ၄ စား ထုတ်လုပ်သွားဖို့ ရှိပါတယ်။
ကောင်းကင်ယံပေါ် ပျံသန်းမယ့် ဟိုက်ဒရိုဂျင်ကား ဖြစ်တာကြောင့် လုံခြုံစိတ်ချရမှုရှိစေဖို့အတွက် အရန်လုံခြုံရေးစနစ် အများအပြား ပါဝင်မှာ ဖြစ်ပါတယ်။ Skai ရဲ့ ဟိုက်ဒရိုဂျင်လောင်ဆာဆဲလ် စနစ်ကို “အရန်အထောက်အကူ စနစ် ၃ ဆင့်” ခံထားပေးပြီး၊ ပျံသန်းနေရင်း ဒလက်တဖက် မလည်တော့ရင်တောင် ဆက်လက် ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။ လေထီးစနစ်လည်း ပါဝင်မှာပါ။
အမေရိကန်အစိုးရလေကြောင်းအာဏာပိုင်အဖွဲ့ (FAA) က ခွင့်ပြုချက်ရရှိမှ Skai ကို တရားဝင် ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး၊ ၂၀၂၀ လောက်မှာ ခွင့်ပြုချက် ရရှိဖို့ မျှော်မှန်းထားပါတယ်။
အနာဂတ် သယ်ယူပို့ဆောင်ရေးစနစ်သစ် ဖြစ်လာနိုင်တဲ့ မိုးပျံတက္ကစီတွေကို Uber, Rolls-Royce, Bell Helicopter, E-Hang စတဲ့ ကုမ္ပဏီအများအပြားကလည်း ဖန်တီးထုတ်လုပ်နေကြပါတယ်။
Ref: Digital Trends, Engadget
You may also like these stories:
Pop-up ကင်မရာပါတဲ့ တန်ဖိုးသင့် K3 ဖုန်းကို OPPO မိတ်ဆက်
ခေါက်ချိုး iPhone မထုတ်နိုင်သေးတာကို စိတ်ပူမိကြောင်း Steve Wozniak ပြောကြား
သစ်သားနဲ့ ထုတ်လုပ်ထားတဲ့ လက်ပ်တော့ကို HP ပြသ
တရုတ်အစိုးရက Apple ကို လက်တုံ့ပြန်ပါက သူအရင် ဆန္ဒပြမှာဖြစ်ကြောင်း Huawei CEO ပြောကြား