တရုတ်ဖုန်းကုမ္ပဏီ Meizu က 16Xs ဆိုတဲ့ တန်ဖိုးသင့် ဖုန်းမော်ဒယ်သစ် တမျိုးကို ယနေ့ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒေါ်လာ ၂၅၀ လောက်ပဲ ဈေးနှုန်းသတ်မှတ်ထားပေမယ့် အရည်အသွေးမြင့် Super AMOLED Display၊ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာ၊ ကျောကင်မရာ ၃ လုံးစတဲ့ အမြင့်စား လုပ်ဆောင်ချက်တွေ ပါဝင်လာတာ တွေ့ရပါတယ်။
ပထမဆုံးအနေနဲ့ Meizu 16Xs မှာ Samsung က ထုတ်ပေးထားတဲ့ FHD+ အရည်အသွေးရှိ 6.2-inch Super AMOLED Display ကို အသုံးပြုပေးထားပါတယ်။ မျက်နှာပြင်မှာ Notch မထည့်ထားဘဲ 16MP ရှေ့ကင်မရာကို မျက်နှာပြင်အပေါ်ဘောင် နေရာသေးသေးမှာပဲ ရအောင် ထည့်ပေးထားပါတယ်။ ဘောင် ပါတယ် ဆိုပေမယ့်လည်း စခရင်နဲ့ ကိုယ်ထည်အချိုးက ၉၀.၂၉ ရာခိုင်နှုန်းအထိ ရှိပါတယ်။
ကျောကင်မရာ စုစုပေါင်း ၃ လုံးပါဝင်ပြီး၊ အဓိကကင်မရာက 48MP Samsung S5GKM1 ဆန်ဆာ ဖြစ်ပါတယ်။ ဒုတိယအလုံးကတော့ 8MP မြင်ကွင်းကျယ် ကင်မရာ ဆန်ဆာပါ။ ၁၁၈.၈ ဒီဂရီအထိ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံး တတိယအလုံးကတော့ 5MP Depth ဆန်ဆာပါ။
ဒေါ်လာ ၅၀၀ တန် Moto Z4 မှာ အသုံးပြုထားတဲ့ Snapdragon 675 Chipset ကို Meizu 16Xs မှာ ပြန်သုံးထားပြီး၊ 6GB RAM နဲ့ ဖြစ်ပါတယ်။ ဒေတာ သိမ်းဆည်းဖို့အတွက် Storage ကိုတော့ 64GB ဒါမှမဟုတ် 128GB နှစ်မျိုး ရွေးချယ်နိုင်မှာပါ။
ကြီးမားတဲ့ 4,000mAh ဘက်ထရီ ပါဝင်ပြီး၊ Meizu ရဲ့ 18W mCharge အားအမြန်သွင်း စနစ်လည်း သုံးနိုင်မှာ ဖြစ်ပါတယ်။ Android 9 Pie စနစ်အခြေခံ Flyme OS 7 နဲ့ ထွက်ရှိလာမှာပါ။ စိတ်မကောင်းစရာ တခုကတော့ 3.5mm ဂျက်ပင်ပေါက် မပါလာတာပါ။ ဒါကြောင့် သီချင်းနားထောင်ချင်ရင် Type – C နားကြပ် ဒါမှမဟုတ် Type-C ကနေ 3.5mm ပြောင်းတဲ့ ခေါင်းနဲ့ နားထောင်ရမှာ ဖြစ်ပါတယ်။

Meizu 16Xs ကို အနက်၊ အပြာ၊ လိမ္မော်နဲ့ အဖြူရောင် ၄ မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ (6GB/64GB) မော်ဒယ်ကို ၂၄၅ ဒေါ်လာ နဲ့ (6GB/128GB) မော်ဒယ်ကို ၂၉၈ ဒေါ်လာသာ ကျသင့်မှာ ဖြစ်ပါတယ်။ ၂၅၀ ဒေါ်လာဝန်းကျင်နဲ့ အမိုက်စား Specs တွေကို ပေးစွမ်းထားတဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။
Meizu 16Xs ဖုန်းကို ယနေ့ကစ ကြိုတင်မှာယူထားနိုင်ပြီဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ ဇွန်လ ၁၀ ရက်နေ့ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။ အိန္ဒိယနဲ့ ဥရောပဈေးကွက်အချို့ကိုတော့ ဇူလိုင်လောက် ရောက်ပါလိမ့်မယ်။
Ref: Android Authority, GSM Arena
You may also like these stories:
Redmi ရဲ့ ပထမဆုံး လက်ပ်တော့ RedmiBook 14 ကို မိတ်ဆက်
Redmi K20 နဲ့ Redmi K20 Pro တို့ကို တရားဝင် မိတ်ဆက်