Apple ဟာ ၂၀၁၃ ခုနှစ်ကတည်းက ထူးထူးခြားခြား ပြောင်းလဲမှုမျိုး မရှိခဲ့တဲ့ Mac Pro ကွန်ပျူတာကို ဇွန်လ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ WWDC ပွဲမှာ ဒီဇိုင်းအသစ်နဲ့ ပြန်ထုတ်ပေးလိုက်ပါတယ်။ အရင်လို အမှိုက်ပုံးနဲ့ တူတဲ့ ဆလင်ဒါ ဒီဇိုင်း မဟုတ်တော့ဘဲ လေးထောင့်ပုံး ပုံစံ ဖြစ်သွားပါတယ်။
Mac Pro အသစ် အနိမ့်ဆုံးမော်ဒယ်ကို ၅,၉၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ကာ၊ ဒီမော်ဒယ်မှာ 8-cores Xeon processor, 32GB RAM ၊ Radeon Pro 580X Graphics နဲ့ 256GB SSD တို့ ပါဝင်မှာ ဖြစ်ပါတယ်။ အမြင့်ဆုံးအဖြစ် 28-core Intel Xeron Processor, Radeon Pro Vega II Graphics နဲ့လည်း ရရှိနိုင်ပြီး၊ 8K ဗီဒီယိုတည်းဖြတ်တာ၊ 6K Display နှစ်ခု တွဲသုံးတာတွေကို အေးဆေးလုပ်နိုင်မှာ ဖြစ်ပါတယ်။
DIMM slot ၁၂ ခု ပါဝင်တာကြောင့် System Memory ကို အမြင့်ဆုံး 1.5TB အထိ ရရှိနိုင်မှာပါ။ PIC Express slot ၈ ခု ပါဝင်ပြီး၊ ပုံးအနောက်ဘက်မှာ USB-C/ Thunderbolt 3 နှစ်ပေါက်၊ USB-A နှစ်ပေါက်တို့အပြင် နောက်ထပ် USB-C နှစ်ပေါက်လည်း ပုံးအရှေ့ဘက်မှာ ပါဝင်ပါတယ်။ Apple ဟာ MPX Module လို့ခေါ်တဲ့ Mac Pro နဲ့ တွဲဖက်သုံးနိုင်တဲ့ module တခုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ MPX Module မှာ နောက်ထပ် ဂရပ်ဖစ်ကတ်နှစ်ကတ် ထပ်စိုက်နိုင်ပြီး၊ Mac Pro နဲ့ ချိတ်သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။
Mac Pro အသစ်မှာ 1.4kW ရှိတဲ့ Power Supply ကို အသုံးပြုထားပြီး၊ ပုံးရဲ့ ထိပ်ဆုံးမှာ ပန်ကာ ၃ လုံး တပ်ထားပါတယ်။ အလူမီနမ် ကိုယ်ထည်ပုံအနောက်မှာတော့ လေထွက်ဖို့အတွက် ဆန်ကာကွက်ပေါက်လေးတွေ ပါဝင်ပြီး၊ တမိနစ်ကို ကုဗပေ ၃၀၀ နှုန်းနဲ့ ကွန်ပျူတာစနစ်တခုလုံးကို လေအေး မှုတ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ Mac Pro စက်အောက်က အထိုင်ကို ဘီးတပ်လို့ ရတာကြောင့် ကိုယ့် Workstation ကွန်ပျူတာကို သယ်ယူသွားချင်ရင်လည်း အဆင်ပြေမှာပါ။
Mac Pro အသစ်ကို ယခု ဆောင်းဦးပေါက်မှာ ၅,၉၉၉ ဒေါ်လာ အနိမ့်ဆုံးဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Mac Pro အသစ်နဲ့ တွဲဖက် အသုံးပြုဖို့အတွက် Pro Display XDR ဆိုတဲ့ 6K မော်နီတာတလုံးကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။ မော်နီတာကလည်း အနည်းဆုံး ၄,၉၉၉ ဒေါ်လာ ပေးရမှာပါ။
Ref: Cnet, The Verge
You may also like these stories:
ခေါက်ချိုး iPhone မထုတ်နိုင်သေးတာကို စိတ်ပူမိကြောင်း Steve Wozniak ပြောကြား
တရုတ်အစိုးရက Apple ကို လက်တုံ့ပြန်ပါက သူအရင် ဆန္ဒပြမှာဖြစ်ကြောင်း Huawei CEO ပြောကြား