IKEA က အမေရိကန်အခြေစိုက် ပရိဘောဂကုမ္ပဏီ Ori Living နဲ့ ပူးပေါင်းဖန်တီးထားတဲ့ ပရိဘောဂပစ္စည်းအသစ်တမျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ROGNAN လို့ အမည်ပေးထားပြီး၊ အိမ်တွင်းအခန်းနေရာလွတ်တွေကို ပိုမို အကျိုးရှိစွာ အသုံးချနိုင်ဖို့ အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စက်တပ် ပရိဘောဂတမျိုး ဖြစ်ပါတယ်။ အဓိကအားဖြင့် မြို့ကြီးပြကြီးက နေအိမ်တိုက်ခန်းကျဉ်းကျဉ်းမှာ နေထိုင်သူတွေအတွက် နေရာလွတ်နည်းနည်းနဲ့ အခြေခံပရိဘောဂပစ္စည်းအစုံ သုံးနိုင်အောင် ထုတ်လုပ်ပေးထားတာပါ။
ROGNAN ကို “Robotics Furniture” လို့ သမုတ်ထားပေမယ့် အမြင်ပိုင်းကတော့ ဘီးတပ်ထားတဲ့ IKEA ဗီရိုကြီးတလုံးပါပဲ။ ဒါပေမယ့် ဗီရိုအတွင်းပိုင်းမှာတော့ Ori ရဲ့ စက်စနစ်တွေ ပါဝင်မှာပါ။ ဗီရို တဖက်တချက်မှာ ဆိုဖာနဲ့ အိပ်ရာ တခုတို့ ပါဝင်ပြီး၊ ခလုတ်တချက်နှိပ်လိုက်တာနဲ့ အိပ်ရာက ဗီရိုအောက်ထဲ လျှောဝင်သွားမှာ ဖြစ်ပါတယ်။ ဒီအခါ အခန်းတွင်းမှာ ကြမ်းပြင်နေရာလွတ် ပိုထွက်လာမှာပါ။
ဗီရိုကြီးတခုလုံးကို လျှောလမ်းကြောင်းအတိုင်း ခလုတ်နဲ့ စိတ်တိုင်းကျ ရှေ့တိုးနောက်ဆုတ် ပြုလုပ်နိုင်ပါတယ်။ အဝတ်အစားနဲ့ ပစ္စည်းတွေ သိမ်းဖို့အတွက် အံဆွဲ၊ အကန့်များစွာလည်း ပါဝင်မှာပါ။ ဒါ့အပြင် စာဖတ်၊ အလုပ်လုပ်ဖို့အတွက် အပြင်ဆွဲထုတ်နိုင်တဲ့ စားပွဲတလုံးလည်း ပါဝင်ပါသေးတယ်။ ၁၁၅ စတုရန်းပေ လောက် နေရာလွတ်ရှိတာနဲ့ အိပ်ရာ၊ ဆိုဖာ၊ စားပွဲ၊ ဗီရို အားလုံးကို အသုံးပြုနိုင်မယ်လို့ IKEA က ဆိုပါတယ်။
ကမ္ဘာတဝန်းလုံးမှာ မြို့ကြီးပြကြီးကို ပြောင်းရွှေ့နေထိုင်သူဦးရေက အပတ်စဉ်တိုင်း ၁.၅ သန်းလောက် ရှိနေပြီး၊ ဒီလူတွေအတွက် နေစရာအိမ်ခန်းတွေက တဖြည်းဖြည်း သေးငယ်လာတယ်လို့ IKEA က ဆိုပါတယ်။ ဒီလို နေအိမ်တိုက်ခန်းကျဉ်းကျဉ်းမှာ နေထိုင်ရသူတွေအတွက် စွယ်စုံအသုံးပြုနိုင်မယ့် Rognan ကို ထုတ်လုပ်ပေးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
“ပရိဘောဂပစ္စည်းကို အရွယ်အစား ပိုသေးအောင် လုပ်မယ့်အစား ကိုယ်လိုအပ်တဲ့အချိန်မှာ ပြောင်းသုံးနိုင်တဲ့ ပစ္စည်းမျိုးဖြစ်အောင် ဖန်တီးထားပါတယ်။ အိပ်ရင် ဆိုဖာလိုမှာ မဟုတ်ပါဘူး။ ဒီအတိုင်းပဲ အဝတ်ဗီရို သုံးမယ်ဆိုရင်လည်း အိပ်ရာ လိုမှာမဟုတ်ပါဘူး” လို့ IKEA ရဲ့ ထုတ်ကုန်ဖန်တီးသူ Seana Strawn က ပြောကြားပါတယ်။
“ROGNAN နဲ့ ဆိုရင် နေအိမ်တိုက်ခန်းကျဉ်းကျဉ်းမှာ နေထိုင်သူတွေအနေနဲ့ ဘက်စုံအသုံးဝင်တဲ့ အခန်းမျိုး ဖြစ်ဖို့အတွက် ကိုယ့် လိုအပ်ချက်တွေ၊ ဆန္ဒတွေ၊ သက်သောင့်သက်သာရှိမှုတွေကို စွန့်လွှတ်စရာ မလိုတော့ပါဘူး။ ROGNAN နဲ့ဆို အခန်းနေရာလွတ် ၈ စတုရန်းမီတာလောက် အပိုထွက်လာမှာပါ”
“စက်ရုပ်စနစ်ကို အသုံးပြုပြီး၊ အိပ်ခန်းကနေ မတ်တပ်ဗီရို၊ အလုပ်လုပ်မယ့်နေရာ၊ ဧည့်ခန်း စသဖြင့် စိတ်ကြိုက် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ Touchpad တခုနဲ့တင် စွယ်စုံ ပြောင်းသုံးနိုင်တဲ့ ပရိဘောဂပစ္စည်းတခု ဖြစ်ပါတယ်” လို့ Seana Strawn က ပြောကြားခဲ့ပါတယ်။
ROGNAN ကို ၂၀၂၀ ခုနှစ်အတွင်း ဟောင်ကောင်နဲ့ ဂျပန်နိုင်ငံတွေမှာ စတင် ရောင်းချသွားမှာဖြစ်ပါတယ်။ နောက်ပိုင်း ကမ္ဘာအနှံ့ တင်ပို့ ရောင်းချဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: Tech Crunch, Engadget
You may also like these stories: