အမေရိကန်သမ္မတ ထရမ့်က Huawei ကို ကုန်သွယ်မှု ပိတ်ပင်တဲ့စာရင်းထဲ ထည့်ပြီးနောက် Huawei နဲ့ လမ်းခွဲလိုက်တဲ့ နည်းပညာကုမ္ပဏီကြီးတွေထဲမှာ Facebook Inc. လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။
Facebook က နောက်ပိုင်း အသစ်ထုတ်မယ့် Huawei စမတ်ဖုန်းတွေမှာ သူ့ App တွေကို ကြိုတင် ထည့်ခွင့် ပြုမှာ မဟုတ်တော့ကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Huawei ဖုန်းအသစ်တွေမှာ Facebook ကုမ္ပဏီပိုင် လူမှုကွန်ရက် App တွေဖြစ်တဲ့ WhatsApp, Instagram, Facebook, Messenger စတာတွေ တပါတည်း ပါလာတော့မှာ မဟုတ်ပါဘူး။
အသုံးပြုခွင့် ပိတ်လိုက်တာ မဟုတ်တဲ့အတွက် ဖုန်းဝယ်ပြီးမှ ကိုယ့်ဘာသာ Download လုပ်ပြီး၊ သုံးမယ်ဆိုရင်တော့ ရပါတယ်။ ဒီကြားထဲ Play Store ကနေလည်း Update ဆက်လက် ရရှိနေဦးမှာပါ။
စမတ်ဖုန်း ကုမ္ပဏီတွေဟာ Facebook လို နာမည်ကြီး App တွေကို သူတို့ ထုတ်တဲ့ ဖုန်းတွေမှာ ကြိုတင် ထည့်သွင်းခွင့်ရဖို့အတွက် စီးပွားရေး စာချုပ်တွေ ချုပ်ဆိုထားလေ့ ရှိပါတယ်။ ဈေးကွက် အများအပြားက Huawei ဖုန်းတွေမှာ ဘူးဖောက်တာနဲ့ Facebook, Twitter နဲ့ Booking.com စတဲ့ လူသုံးများတဲ့ App တွေ တပါတည်း ပါဝင်လေ့ ရှိပါတယ်။ Twitter ကတော့ Huawei ဖုန်းတွေနဲ့ ပတ်သက်ပြီး ဘာမှ မပြောရသေးပါဘူး။
ထရမ့်ရဲ့ ကုန်သွယ်မှု ပိတ်ပင်တဲ့ အမိန့်ကြောင့် Facebook လည်း Google နည်းတူ Huawei နဲ့ လမ်းခွဲလိုက်ရပုံ ပေါ်ပါတယ်။ Google ကတော့ ရက် ၉၀ ယာယီလိုင်စင် ရထားတာကြောင့် ဒီအတောအတွင်း တင်ပို့ ရောင်းချခြင်း မပြုရသေးတဲ့၊ ဒါမှမဟုတ် ထုတ်လုပ်တပ်ဆင်ခြင်း မပြုရသေးတဲ့ ဖုန်းတွေ အပါအဝင် Huawei ဖုန်းမော်ဒယ်အားလုံးမှာ Google Playstore နဲ့ Google App တွေ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။
အကယ်လို့ ရက် ၉၀ ယာယီလိုင်စင်ပြီးလို့မှ အမေရိကန် အစိုးရဘက်က ဆုံးဖြတ်ချက် ပြောင်းလဲတာမျိုး မရှိရင်တော့ နောက်ပိုင်း Huawei ဖုန်းတွေအတွက် Android ဆော့ဖ်ဝဲ ဝန်ဆောင်မှုတွေ ဆက်ထုတ်ပေးမှာ မဟုတ်တော့ဘူးလို့ ဆိုထားပါတယ်။
Facebook ရဲ့ ပိတ်ပင်မှုကတော့ ယခုအချိန်ကစပြီး အသစ်ထုတ်မယ့် Huawei ဖုန်းတိုင်းမှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ Huawei အတွက်ကတော့ Facebook ရဲ့ ပိတ်ပင်မှုခံရတာက Google လို အဓိက Android ဝန်ဆောင်မှု ထောက်ပံ့ပေးနေတဲ့ နည်းပညာ ကုမ္ပဏီကြီးတခုနဲ့ လမ်းခွဲလိုက်ရတာလောက်တော့ ထိခိုက်မှု သိပ်ရှိမှာ မဟုတ်ပါဘူး။
Huawei ဘက်ကတော့ အမေရိကန်ရဲ့ ပိတ်ပင်မှုအတွက် ကြိုတင်ပြင်ဆင်ထားတာတွေရှိတယ်လို့ ဆိုထားပေမယ့် ဥရောပနဲ့ အာရှနိုင်ငံတွေက အသုံးပြုသူအချို့ဟာ Huawei ဖုန်းတွေကို ဝယ်ဖို့ တုံ့ဆိုင်းနေကြတယ်လို့ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဈေးကွက်လေ့လာရေး ပညာရှင်တွေကလည်း Huawei စမတ်ဖုန်းရောင်းအား တရှိန်ထိုး ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref: The Verge, Reuters
Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်
Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း
ဟွာဝေးကို အမေရိကန်တို့ လျှော့တွက်ထားကြောင်း တည်ထောင်သူ ပြော