Nokia အမှတ်တံဆိပ် စမတ်ဖုန်းတွေကို ထုတ်လုပ်ခွင့် ရရှိထားတဲ့ HMD Global ကုမ္ပဏီက တန်ဖိုးနည်း Nokia ဖုန်းသစ်တလုံးကို မိတ်ဆက်လိုက်ပါတယ်။ Nokia 2.2 လို့ အမည်ပေးထားပြီး ကုမ္ပဏီက ထုတ်ထားတဲ့ Android One ဖုန်းတွေထဲမှာ တန်ဖိုးအနည်းဆုံး ဖုန်းဖြစ်ပါတယ်။ ဒေါ်လာ ၁၀၀ ဝန်းကျင်ပဲ ပေးရမှာပါ။
Nokia 2.2 ရဲ့ အဓိက အရောင်းဆွဲဆောင်မယ့်အချက်ကတော့ Android 9 Pie ကို Android One ဗားရှင်းနဲ့ ပါဝင်လာတာပါ။ Android One ဆိုတာ Stock Android နီးပါး Android ဗားရှင်းတခုဖြစ်ပြီး၊ ကုမ္ပဏီတွေက လုံးဝ ပြုပြင်ပြောင်းလဲလို့ မရပါဘူး။
OS အတွက် Security Update ၃ နှစ်တိတိ ပေးသွားမှာဖြစ်ကာ Android OS အသစ်ကိုလည်း ၂ နှစ်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်အသစ်ထွက်မယ့် Android Q ကိုလည်း Nokia 2.2 မှာ ရရှိသွားမှာပါ။
Nokia 2.2 ဟာ တန်ဖိုးနည်းဖုန်း ဖြစ်တာနဲ့အညီ ကျောဘက် ကိုယ်ထည်ကို ကုန်ကျစရိတ် ပိုမိုသက်သာတဲ့ ပိုလီကာဘွန်နိတ် ကိုယ်ထည်ကို အသုံးပြုထားပြီး၊ အဖြုတ်အတပ် လုပ်နိုင်ပါတယ်။ ပိုလီကာဘွန်နိတ် ပလတ်စတစ် အမျိုးအစားဖြစ်ပေမယ့် မှန်အလား ပြောင်လက်နေအောင် လုပ်ပေးထားပါတယ်။ ဒီဖုန်းရဲ့ နောက်ထပ် ထူးခြားချက်တခုကတော့ Google Asssistant ခေါ်သုံးဖို့အတွက် ဖုန်းဘယ်ဘက်မှာ သီးသန့်ခလုတ် တခု ပါရှိတာပါ။
ကြီးမားတဲ့ ၅.၇၁ လက်မအရွယ် HD+ မျက်နှာပြင်ကို အသုံးပြုထားပြီး၊ မျက်နှာပြင်က ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ Notch အတွင်းမှာတော့ 5MP ရှေ့ကင်မရာ တလုံး ပါဝင်မှာပါ။ Quad-core MediaTek Helio A22 Chipset ကို အသုံးပြုထားပြီး၊ 2GB RAM/16GB Storage နဲ့ 3GB RAM/32GB Storage ဆိုပြီး မော်ဒယ်ကွဲ ၂ မျိုး ထွက်ရှိမှာပါ။
လုံခြုံရေးအတွက် လက်ဗွေရာဆန်ဆာ မပါဝင်တာကတော့ ဘဝင် မကျချင်စရာပါ။ ဒါပေမဲ့ AI နည်းပညာအသုံးပြု Face Unlock စနစ် ပါဝင်တဲ့အတွက် မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ 3,000mAh ဘက်ထရီကို အသုံးပြုထားပြီး၊ ရိုးရိုး microUSB အပေါက်နဲ့ပဲ အားသွင်းရမှာပါ။
Nokia 2.2 မှာ ကျောကင်မရာကိုလည်း 13MP တလုံးတည်း အသုံးပြုထားပြီး၊ “Low-light Image Fusion” နည်းပညာနဲ့ အလင်းနည်းတဲ့အခါမှာ ပုံထွက်ကောင်းအောင် လုပ်ပေးထားတယ်လို့ သိရပါတယ်။
Nokia 2.2 ကို အနက်နဲ့ စတီးရောင် ၂ ရောင် ရောင်းချသွားမှာဖြစ်ကာ၊ အိန္ဒိယမှာ ဇွန်လ ၁၁ ရက်နေ့ကနေ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ 2GB/16GB ဗားရှင်းကို ရူပီး ၆,၉၉၉ (ဒေါ်လာ ၁၀၀ ခန့်) ပဲ ရှိမှာ ဖြစ်ပြီး၊ 3GB/32GB ကို ရူပီး ၇,၉၉၉ (၁၁၅ ဒေါ်လာ) ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ Android Q ရမယ့်ဖုန်းတွေထဲမှာ တန်ဖိုးအနည်းဆုံး ဖုန်းတလုံးဆိုရင်လည်း မမှားပါဘူး။
Ref: XDA Developers, GSM Arena
You may also like these stories:
ဈေးသက်သာပေမယ့် အမိုက်စား ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ “Nokia X5” စမတ်ဖုန်း
မျက်နှာပြင်မှာ ကင်မရာအပေါက် ပါဝင်တဲ့ Nokia X71 စမတ်ဖုန်း ထွက်ရှိ
Light နှင့် ပူးပေါင်းကာ ကင်မရာအများအပြား ပါဝင်သည့် ဖုန်းများကို Xiaomi နှင့် Sony တို့ ထုတ်လုပ်မည်
HongMeng OS ကို Huawei Mate 30 မှာ ပထမဆုံး အသုံးပြုဖွယ်ရှိ