Samsung ကုမ္ပဏီဟာ တရုတ်နိုင်ငံ၊ ဟွေ့ကျိုးမြို့က နောက်ဆုံး ဖုန်းစက်ရုံမှာ ဖုန်းထုတ်လုပ်မှုကို လျှော့ချသွားမှာဖြစ်ကြောင်း ဇွန်လ ၅ ရက်နေ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တိန်အန်ကျင်းမြို့မှာရှိတဲ့ စမတ်ဖုန်း စက်ရုံကို ပိတ်ပြီးနောက် တနှစ်ခန့်အကြာမှာ နောက်ဆုံး ကျန်ရှိတဲ့ ဟွေ့ကျိုးက စက်ရုံကိုလည်း ထုတ်လုပ်မှု လျှော့ချလိုက်တာ ဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ဖုန်းဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပြည်တွင်းဖုန်း ကုမ္ပဏီတွေ ကြီးစိုးလာတာကြောင့် ၅ နှစ်တာအတွင်း ဈေးကွက်ဝေစု ၂၀ ရာခိုင်နှုန်းကနေ ၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့အတွက် ထုတ်လုပ်မှု လျှော့ချလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက ပြောရေးဆိုခွင့်ရှိသူတဦးက ဖုန်းထုတ်လုပ်မှု အရေအတွက် လျှော့ချမယ့်အပြင် ဝန်ထမ်းဦးရေပါ လျှော့ချသွားဖို့ ရှိတယ်လို့ Reuters ကို ပြောကြားခဲ့ပါတယ်။ နစ်နာကြေးနဲ့ အလုပ်ထွက်ဖို့ သဘောတူညီတဲ့ ဝန်ထမ်းတွေအနေနဲ့ ဇွန်လ ၁၄ ရက် မတိုင်မီ လက်မှတ်ထိုးပေးရမှာ ဖြစ်ပါတယ်။
ဝန်ထမ်းဦးရေ ဘယ်လောက် လျှော့ချမလဲတော့ မသိရပါဘူး။ ဒါ့အပြင် ဒီစက်ရုံကို စက်တင်ဘာလမှာ အပြီးပိတ်ပစ်မယ်ဆိုတဲ့ သတင်းတွေလည်း တရုတ်နိုင်ငံတွင်းမှာ ထွက်ပေါ်လျက် ရှိပါတယ်။
Samsung ဟာ ဟွေ့ကျိုးစက်ရုံကို ၁၉၉ ၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၀၆ ခုနှစ်ကတည်းက ဆဲလ်ဖုန်းတွေ ထုတ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စက်ရုံဝန်ထမ်းဦးရေ ၆,၀၀၀ ကျော် ရှိပြီး၊ တနှစ်အတွင်း စမတ်ဖုန်းအလုံးရေ ၆၃ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီပမာဏဟာ အဆိုပါနှစ်အတွင်း တကမ္ဘာလုံးက Samsung ဖုန်းထုတ်လုပ်မှုရဲ့ ၁၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ Huawei လို တရုတ် ပြည်တွင်းကုမ္ပဏီတွေ ကြီးစိုးလာတဲ့အတွက် Samsung အနေနဲ့ ဈေးကွက်ဝေစု တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း ရောင်းချခဲ့ရတဲ့ စုစုပေါင်း ဖုန်းအရေအတွက် ၃ ဒဿမ ၃ သန်းမှာ Samsung က ဝ ဒဿမ ၈ ရာခိုင်နှုန်းသာ ရယူနိုင်ခဲ့ပါတယ်။
၂၀၁၃ မှာ ၂၀ ရာခိုင်နှုန်းရှိရာကနေ ၁ ရာခိုင်နှုန်းအောက်ကို ကျဆင်းသွားခဲ့တာပါ။ အရင်က Samsung ရဲ့ အကြီးဆုံး ပြည်ပဈေးကွက်ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ယခုအခါမှာတော့ အိန္ဒိယ၊ U.S၊ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဈေးကွက်တွေရဲ့ အနောက် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
Samsung ဟာ ဖုန်းရောင်းအား ကျလာတဲ့အပြင် တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ်မှုစရိတ် တိုးမြင့်လာတဲ့ဒဏ်ကိုလည်း ခံနေရတာကြောင့် ဟွေ့ကျိုးစက်ရုံမှာ ထုတ်လုပ်မှုလျော့ချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဟွေ့ကျိုးမှာ ပျှမ်းမျှ တလလုပ်အားခက ၅,၆၉၀ ယွမ် (၈၂၂ ဒေါ်လာ) ရှိနေပြီ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက ၁,၈၉၄ ယွမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။
Samsung ဟာ တရုတ်က ဖုန်းထုတ်လုပ်မှုလုပ်ငန်းကို ဗီယက်နမ်နိုင်ငံကို ပြောင်းရွှေ့နေတာ နှစ်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အခုဆို အရှေ့တောင်အာရှနိုင်ငံ ဗီယက်နမ်ဟာ Samsung ရဲ့ တကမ္ဘာလုံးဖုန်းထုတ်လုပ်မှုရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်ပေးလျက်ရှိပါတယ်။
Ref: Caixing Global, Reuters
You may also like these stories:
Samsung က ကိုယ်ထည်အပြင်ဘက် ချိုးကွေးနိုင်သည့် ဖုန်းဒီဇိုင်းအသစ်ကို မူပိုင်ခွင့်တင်
Samsung က အိန္ဒိယဈေးကွက်အတွက် စမတ်ဖုန်းစီးရီးအသစ် မိတ်ဆက်မည်
ပထမဆုံး ခေါက်ချိုးဖုန်းကို Samsung မိတ်ဆက်
Samsung ရဲ့ ခေါက်ချိုးနိုင်တဲ့ Display နည်းပညာ အခိုးခံရ