ယခုခေတ်မှာ ကိုယ်လိုချင်တဲ့ပစ္စည်းတခုကို ဆိုင်မှာ ကိုယ်တိုင်သွားဝယ်စရာမလိုတော့ပါဘူး။ အွန်လိုင်းကနေ ဝယ်ယူပြီး အိမ်တိုင်ရာရောက်ပစ္စည်းပို့ခိုင်းနိုင်တဲ့ ဝန်ဆောင်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မှာ ဘယ်သူမှမရှိတဲ့အချိန် ပစ္စည်းလာပို့ရင်တော့ နည်းနည်းအခက်တွေ့တတ်ပါတယ်။ အိမ်ရှေ့မှာ ပါဆယ်ထုပ်ချခိုင်းသွားလို့ရပေမယ့် ပါဆယ်ထုပ် ခိုးယူတဲ့အဖြစ်အပျက်မျိုး ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် Walmart က အိမ်တိုင်ရာရောက်အပြင် ရေခဲသေတ္တာထဲအထိပါ ပစ္စည်းပို့ဆောင်ပေးမယ့်စနစ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။
Walmart InHome ဝန်ဆောင်မှုဟာ အိမ်နဲ့ အဝေးတနေရာရောက်နေသူတွေအတွက် ရည်ရွယ်ထားတဲ့ ဝန်ဆောင်မှုတခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ကင်မရာတပ်ဆင်ထားတဲ့ ဝန်ထမ်းတွေက မှာယူလိုက်တဲ့ပစ္စည်းကို အိမ်ထဲအရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Walmart ဝန်ထမ်းတွေဟာ “အဆင့်မြင့်အိမ်ဝင်ခွင့်နည်းပညာ” ကို အသုံးပြုပြီး၊ ဈေးဝယ်သူရဲ့ အိမ်ထဲကို ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
ဒီနည်းပညာ ဘယ်လို အလုပ်လုပ်လဲဆိုတာ အတိအကျမပြောထားပေမယ့် ဒီစနစ်အသုံးပြုချင်တယ်ဆိုရင် Walmart ကနေ စမတ်သော့ခလောက်တလုံး ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဈေးဝယ်သူအနေနဲ့ အိမ်ဝင်ရောက်ခွင့်ကို အပြည့်အဝထိန်းချုပ်နိုင်ပြီး၊ Walmart ဝန်ထမ်းမှာ တပ်ဆင်ထားတဲ့ ကင်မရာကနေတဆင့် ပစ္စည်းပို့ဆောင်မှုကို အဝေးတနေရာကနေ စောင့်ကြည့်နေနိုင်မှာလည်း ဖြစ်ပါတယ်။
“အစားအသောက်အရောင်းတန်းကနေ ရေခဲသေတ္တာထဲအရောက်” ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ Walmart ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Walmart InHome ဝန်ဆောင်မှုကို အမေရိကန်နိုင်ငံမှာ ယခုဆောင်းဦးပေါက်ရာသီမှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ် Kansas City၊ Pisstsburg နဲ့ Florida ပြည်နယ်က Vero Beach မြို့ကြီးသုံးမြို့က ဈေးဝယ်သူပေါင်း ၁ သန်းကျော်အနေနဲ့ စတင် စမ်းသပ်အသုံးပြုနိုင်မှာပါ။ ယခုဝန်ဆောင်မှုအတွက် နှုန်းထားကိုတော့ မကြေညာရသေးပါဘူး။ Walmart ဝန်ထမ်းတွေအနေနဲ့ ဈေးဝယ်သူအိမ်ထဲ ဘယ်လိုဝင်ရောက်ခွင့်ရမလဲဆိုတာကိုလည်း အသေးစိတ်မပြောရသေးပါဘူး။ အသင့်ဝယ်ယူထားတဲ့ စမတ်သော့ခလောက်ကို တပ်ဆင်ပြီး မိုဘိုင်းအက်ပ်ကနေ ဝင်ခွင့်လှမ်းပေးနိုင်တဲ့ပုံစံမျိုး ဖြစ်နိုင်ပါတယ်။
Walmart ကတော့ ရေခဲသေတ္တာထဲအထိ ပစ္စည်းပို့ပေးမယ့် ဝန်ထမ်းတွေကို ဂရုတစိုက် လေ့ကျင့်သင်ကြားပေးမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဈေးဝယ်သူရဲ့ အိမ်ကို ကိုယ့်မိသားစု၊ သူငယ်ချင်းတယောက်ရဲ့ အိမ်လိုမျိုး တလေးတစား ဆက်ဆံခိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးပါဘူး။ ရေခဲသေတ္တာကို စနစ်တကျ စီစဉ်ထားသိုပေးဖို့လည်း လေ့ကျင့်သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
Walmart ရဲ့ InHome ပစ္စည်းပို့ဝန်ဆောင်မှုဟာ အိမ်ထဲ၊ ဂိုဒေါင်ထဲနဲ့ ကားနောက်ဖုံးထဲထိ ပစ္စည်းပို့ပေးနိုင်တဲ့ Amazon ရဲ့ Key ဝန်ဆောင်မှုနဲ့ တိုက်ရိုက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ Walmart ဟာ အမေရိကန်က ပြိုင်ဘက် Amazon ကုမ္ပဏီကို နည်းပညာအရ တိုက်ရိုက် ယှဉ်ပြိုင်မှုတွေကို အားထည့် လုပ်ဆောင်လျက်ရှိပါတယ်။
Ref: The Verge, Tech Crunch