ကျောကင်မရာသုံးလုံး ပါဝင်တဲ့ Maimang 8 ဖုန်းကို Huawei မိတ်ဆက်
Huawei ဟာ အမေရိကန်အစိုးရနဲ့ ပြဿနာတွေ ဖြစ်နေပြီး၊ Google ဝန်ဆောင်မှု ဆက်လက် အသုံးပြုခွင့်ရဖို့ မရေရာဖြစ်နေပေမယ့် Android ဖုန်းသစ်တလုံးကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်အတွက် မိတ်ဆက်လိုက်တဲ့ မော်ဒယ်လတ်ဖုန်းတလုံးဖြစ်ပြီး၊ Maimang 8 လို့ အမည်ပေးထားပါတယ်။
Huawei Maimang 8 မှာ ရေစက်ပုံစံ Notch၊ ကျောကင်မရာသုံးလုံးနဲ့ ကျောဘက်လက်ဗွေရာဆန်ဆာတို့ ပါဝင်ပြီး၊ ဒီဇိုင်းက မကြာမီကမှ ထုတ်ထားတဲ့ Huawei P Smart+(2019) နဲ့ တထေရာတည်း နီးပါး ဖြစ်ပါတယ်။ အတွင်းပိုင်းမှာတော့ P Smart+ (2019) က 3GB RAM နဲ့ 64GB နဲ့ ဖြစ်ပေမယ့် Maimang 8 ဖုန်းက 6GB RAM နဲ့ 128GB Storage ဖြစ်သွားတာပဲ ကွာသွားပါတယ်။
Huawei ဟာ ယခုဖုန်းအသစ်ကို ၁,၈၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) နဲ့ ရောင်းချသွားမှာ ဖြစ်ကာ၊ Midnight Black နဲ့ Sapphire Blue အရောင်နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ Huawei Mall ကနေ ဇွန် ၈ ရက်ကနေစပြီး ကြိုတင်အော်ဒါမှာယူထားနိုင်ပါပြီ။ တရုတ်နိုင်ငံတွင်းက တခြားအွန်လိုင်းအရောင်းဆိုဒ်တွေကိုတော့ ဇွန်လ ၁၂ ရက်နေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။
အတွင်းပိုင်းအချက်အလက်တွေအားဖြင့် Huawei Maimang 8 မှာ ၆.၁၂ လက်မ အရွယ်ရှိတဲ့ Full-HD+ ရုပ်ထွက်အရည်အသွေးရှိ မျက်နှာပြင်ကို အသုံးပြုထားပြီး၊ အနည်းငယ်ရှည်လျားတဲ့ 19.5:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Kirin 710 octa-core SoC ကို အသုံးပြုထားကာ အထက်မှာ ဆိုခဲ့တဲ့အတိုင်း 6GB RAM နဲ့ 128GB Storage မော်ဒယ်တမျိုးပဲ ထုတ်သွားမှာ ဖြစ်ပါတယ်။ microSD ကတ်ကိုတော့ 512GB အထိ ထပ်စိုက်နိုင်ပါတယ်။
ကျောကင်မရာက 24-megapixel အဓိကကင်မရာ၊ 2-megapixel Depth ဆန်ဆာ နဲ့ 16-megapixel မြင်ကွင်းကျယ်ကင်မရာ တို့ကို ပေါင်းစည်းထားတဲ့ သုံးလုံးတွဲစနစ်ဖြစ်ပြီး၊ ရှေ့ကင်မရာကတော့ 8-megapixel တလုံးတည်း ဖြစ်ပါတယ်။ ကင်မရာမှာ ချိန်လိုက်တဲ့မြင်ကွင်းအလိုက် ပုံထွက်အကောင်းဆုံး ပြင်ဆင်ပေးမယ့် AI လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။
Ref: Gadgets 360, GSM Arena
You may also like these stories:
Facebook App တွေကို Huawei ဖုန်းတွေမှာ ကြိုတင် မထည့်ပေးရန် တားမြစ်
HongMeng OS ကို Huawei Mate 30 မှာ ပထမဆုံး အသုံးပြုဖွယ်ရှိ
မလေးရှားလည်း ဟွာဝေးကို ကြိုဆို
မေရိကန်က ပိတ်သော်လည်း ဟွာဝေးကို မြန်မာ ကြိုဆို
တရုတ်အစိုးရက Apple ကို လက်တုံ့ပြန်ပါက သူအရင် ဆန္ဒပြမှာဖြစ်ကြောင်း Huawei CEO ပြောကြား