မျှော်လင့်ထားတဲ့အတိုင်းပဲ Microsoft က E3 2019 ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ မျိုးဆက်သစ် Xbox အကြောင်း ကြေညာသွားခဲ့ပါတယ်။ “Project Scarlet” လို့ ကုဒ်နာမည် ပေးထားပြီး၊ လာမယ့် ၂၀၂၀ ခုနှစ်၊ အားလပ်ရက်ရာသီမှာ စတင်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Xbox အသစ်ကို မိတ်ဆက်သွားတယ်ဆိုပေမယ့် အမြည်းသဘောလောက်သာ ဖြစ်ပြီး၊ စက်ရဲ့ ဒီဇိုင်းပုံစံတွေ ဘာတွေတော့ မပြသွားခဲ့ပါဘူး။ ဈေး ဘယ်လောက်ရှိမလဲ ဆိုတာလည်း မသိရသေးပါဘူး။ ဒါပေမဲ့ ဒီစက်မှာ သုံးမယ့် Hardware နဲ့ Specification တွေကိုတော့ အဓိကထား ပြောသွားခဲ့ပါတယ်။ ပြောသွားတဲ့အတိုင်းဆိုရင်တော့ အရင် Xbox တွေထက် စွမ်းဆောင်ရည် အဆပေါင်းများစွာ ပိုသာတဲ့ မျိုးဆက်သစ် Xbox ဖြစ်လာမှာပါ။
Scarlet မှာ AMD ရဲ့ Zen 2 processor architecture နဲ့ Navi (Radeon RDNA) GPU architecture အသစ် တို့ကို အခြေခံပြီး အထူးသီးသန့်ထုတ်လုပ်ထားတဲ့ SoC ကို အဓိက အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်ဆန်တဲ့ GDDR6 memory ကိုလည်း သုံးထားတာကြောင့် လာမယ့် Xbox မျိုးဆက်သစ်ဟာ “အမြင့်ဆုံး ရုပ်ထွက်အရည်အသွေးနဲ့ မကြုံစဖူး Framerates” ကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ Microsoft က ဆိုပါတယ်။
ဘယ်လောက်မြင့်မလဲဆိုတော့ အမြင့်ဆုံး 8K gaming အထိ ပေးစွမ်းနိုင်ပြီး၊ Fps ကိုလည်း အမြင့်ဆုံး 120fps အထိ ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Real-time Ray tracing နဲ့ Variable refresh rate(VRR) တို့လည်း Support လုပ်မှာပါ။ Scarlet ဟာ Xbox One X ထက် စွမ်းဆောင်ရည် ၄ ဆ ပိုကောင်းမယ်လို့ Microsoft က ဆိုထားပါတယ်။
Scarlet မှာ အခိုက်ဆုံး တချက်က SSD အသုံးပြုထားတာ ဖြစ်ပါတယ်။ မျိုးဆက်သစ် SSD ကို Virtual RAM အနေနဲ့ သုံးထားတာကြောင့် ဂိမ်းတွင်း Loading Time တွေလည်း မရှိသလောက်ကို မြန်ဆန်လာမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိ မျိုးဆက်ထက် Storage မြန်နှုန်း အဆ ၄၀ လောက် သာလွန်သွားမှာပါ။ Scarlet မှာ Microsoft ရဲ့ Game streaming service လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ကောလာဟလတွေအရ Microsoft ဟာ Xbox မျိုးဆက်သစ်ဖြစ်လာမယ့် Scarlet ကို မော်ဒယ်အမြင့်နဲ့ မော်ဒယ်အနိမ့် ဆိုပြီး နှစ်မျိုးထုတ်ဖို့ ရှိတယ်လို့ သိထားရပါတယ်။ ၂၀၂၀ ခုနှစ်၊ အားလပ်ရက်ရာသီမှ ထွက်မှာဆိုတော့ ကြားထဲမှာ နောက်နှစ် E3 ပွဲတပွဲ ခံဦးမှာပါ။ ဒီပွဲကျမှပဲ Scarlet ရဲ့ ဒီဇိုင်းနဲ့ အခြားအချက်အလက်တွေကို ထပ်သိရဖွယ်ရှိပါတယ်။
Microsoft နည်းတူ Sony ကလည်း မျိုးဆက်သစ် PlayStation 5 ကို မိတ်ဆက်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဒီနှစ် E3 ပွဲကိုတော့ Sony က သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် တက်ရောက်လာခြင်းမရှိတဲ့အတွက် PS5 သတင်းတော့ ဘာမှကြားရမှာ မဟုတ်ပါဘူး။
Sony က ကတိပေးထားချက်အရတော့ PS5မှာ 8K Graphics၊ 3D Audio နဲ့ SSD Storage တို့ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ အရင် PS4 ဂိမ်းတွေကိုလည်း ပြန်ဆော့နိုင်မှာပါ။ PS5 မှာ AMD ရဲ့ 3rd Gen octa-core CPU နဲ့ Ray-tracking ရမယ့် GPU တို့ကို အသုံးပြုသွားဖို့ ရှိပါတယ်။ 4K Graphics မှာ 120Hz refresh rate ရဖို့ ရှိတယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။
Ref: The Verge, Engadget, Gamespot
You may also like these stories:
အခွေထည့်စရာ မပါတဲ့ Xbox One မော်ဒယ်တမျိုးကို Microsoft ထုတ်လုပ်ရန်ရှိ
Microsoft လည်း ဒေါ်လာ ၁ ထရီလျံတန် ကုမ္ပဏီ ဖြစ်ပြီ
Cloud Gaming နှင့် AI နည်းပညာအတွက် Microsoft နှင့် Sony တို့ ပူးပေါင်း