Mozilla က Firefox Browser မှာ လစဉ်ကြေးဝန်ဆောင်မှုတခု ထည့်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ဘယ်လို Features တွေ ပါလာမလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ VPN ဝန်ဆောင်မှုနဲ့ Cloud Storage နှစ်ခု ပါလာမယ်လို့တော့ Mozilla CEO Chris Beard က t3n နဲ့ အင်တာဗျူးမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အောက်တိုဘာလလောက်မှာ စတင်ထုတ်ပေးသွားဖို့ ရှိပါတယ်။
Mozilla ဟာ လွန်ခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းကလည်း လစဉ်ကြေးပေးပြီး သုံးရတဲ့ VPN ဝန်ဆောင်မှုတခုကို စတင် စမ်းသပ်ခဲ့ပါသေးတယ်။ အသုံးပြုသူ အနည်းငယ်အတွက်ပဲ ထုတ်ပေးခဲ့တာပါ။ အဆိုပါ စမ်းသပ်မှုမှာ ပါဝင်သူတွေအနေနဲ့ ProtoVPN ကို တလ ၁၀ ဒေါ်လာနဲ့ Subscribe လုပ်နိုင်တဲ့ Option တခုကို Firefox Browser မှာ တွေ့မြင်ခဲ့ရပါတယ်။
အခုလို Firefox မှာ လစဉ်ကြေးဝန်ဆောင်မှု ထည့်ပေးဖို့ ဆုံးဖြတ်လိုက်တာဟာ “ဝင်ငွေ အရင်းအမြစ် တိုးပွား” လာဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ Firefox မှာ Search Engine တခုကို ဦးစားပေး ထည့်ပေးထားရာကနေ ရရှိတဲ့ ဝင်ငွေကိုပဲ အဓိက မှီခိုမနေရဘဲ တခြားနည်းလမ်းတွေနဲ့လည်း ငွေရှာဖို့အတွက် ဖြစ်ပါတယ်။
လောလောဆယ် Mozilla ရဲ့ ဝင်ငွေ ၉၀ ရာခိုင်နှုန်းလောက်ဟာ Browser ဈေးကွက်မှာ တိုက်ရိုက်ပြိုင်ဘက်ဖြစ်တဲ့ Google ကနေ ရနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ဘက်ကိုပဲ အဓိက မမှီခိုချင်ဘဲ ငွေရပေါက်နည်းလမ်းအသစ်တခု လုပ်ဆောင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
လစဉ်ကြေး ဝန်ဆောင်မှုမျိုး လုပ်နေပေမယ့်၊ လက်ရှိ ရှိပြီးသား Firefox လုပ်ဆောင်ချက်တွေကိုတော့ ငွေကြေး ကောက်ခံမှာ မဟုတ်ဘူးလို့ Mozilla က ဆိုပါတယ်။ အရင်အတိုင်း အခမဲ့ ဆက်သုံးနိုင်မှာပါ။ Firefox သုံးနေကြတဲ့ လူတွေထဲကမှ Premium Features တွေ လိုချင်တဲ့လူတွေကိုပဲ လစဉ်ကြေးနဲ့ ထပ်ရောင်းသွားမှာ ဖြစ်ပါတယ်။
Mozilla က လစဉ်ကြေးဝန်ဆောင်မှုတခု လုပ်နေတယ်ဆိုတဲ့ သတင်းကို အွန်လိုင်း အသုံးပြုသူ အများအပြားက ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။
Ref: The Verge, ZD Net
You may also like these stories:
YouTube ကို Chrome မှာ ကြည့်ရင် ၅ ဆ ပိုမြန်ကြောင်း Firefox မှ တာဝန်ရှိသူပြော
Mac အတွက် Google Chrome မှာ Dark Mode စတင် ပါဝင်လာ
လုံခြုံမှု အမြင့်ဆုံး Messaging App များ
AI နည်းပညာ သုံးပြီး Grammar ပြင်ပေးမယ့် Google Docs