Xiaomi ရဲ့ Mi Band စီးရီးဟာ ပြည်တွင်းဈေးကွက်မှာလည်း လူကြိုက်များတဲ့ တန်ဖိုးနည်း စမတ်လက်ပတ်တွေ ဖြစ်ပါတယ်။ ဇွန်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျင်းပခဲ့တဲ့ ပွဲမှာ Mi Band မျိုးဆက်သစ် Mi Band 4 ကို တရားဝင် မိတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပိုမိုကောင်းမွန်ပြီး၊ အသုံးဝင်တဲ့ လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာပေမယ့် ဈေးကတော့ အရင်မော်ဒယ်တွေလောက်ပဲ ရှိပါတယ်။
Mi Band 3 နဲ့ Mi Band 4 မှာ အဓိကကွာခြားသွားမှာကတော့ Display ပါ။ အရင်လို အဖြူ၊ အနက်လောက်ပဲ ပြနိုင်တဲ့ Display မဟုတ်တော့ဘဲ အရောင်စုံ ဖော်ပြနိုင်တဲ့ 0.95-inch AMOLED Display ဖြစ်ပါတယ်။ 120×240 pixels ရုပ်ထွက် အရည်အသွေး ရှိပြီး၊ ပွန်းရာခြစ်ရာ ခံနိုင်တဲ့ 2.5D မှန်သားနဲ့ အုပ်ပေးထားပါတယ်။ Bluetooth 5.0 နဲ့ ဖုန်းကို ချိတ်ဆက်အသုံးပြုရမှာ ဖြစ်ပါတယ်။
Mi Band 4 မှာ ရေလုံတဲ့ဒီဇိုင်းကို အသုံးပြုထားတာကြောင့် လက်ပတ်ဝတ်ပြီး ရေအနက် မီတာ ၅၀ အထိ ငုပ်လျှိုးနိုင်ပါတယ်။ ရေကူးတဲ့ အခေါက်ရေကို မှတ်ထားပေးနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပြီး၊ လိပ်ပြာကူး၊ ဖားကူး၊ ပက်လက်ကူး စသသဖြင့် မတူညီတဲ့ ရေကူးစတိုင် အမျိုးမျိုးကိုလည်း အလိုလို ခွဲခြား သိရှိနိုင်ပါတယ်။
မိုက်ခရိုဖုန်း တလုံးလည်း Mi Band 4 မှာ ပါဝင်လာပြီး၊ Xiao AI Voice Assistant ကနေ အသံနဲ့ အမိန့်ပေးခိုင်းစေမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Mi Band 4 လက်ပတ်ကနေ ။ အခြား IoT ပစ္စည်းတွေနဲ့ စမတ်အိမ်သုံးပစ္စည်းတွေကို အသံနဲ့ ထိန်းချုပ်နိုင်မှာပါ။ Mi Band 4 ကို NFC ပါတဲ့ မော်ဒယ် သက်သက်ထုတ်သွားမှာပါ။ NFC ပါတာကြောင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်တွေ၊ အများသုံး သယ်ယူပို့ဆောင်ရေးကတ်တွေကို ထည့်သွင်း အသုံးပြုနိုင်သလို၊ ဖုန်းနဲ့ ချိတ်ဆက်မှုလည်း ပိုမိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။
Mi Band 4 မှာ အရင်မော်ဒယ်က နှလုံးခုန်နှုန်းတိုင်း ဆန်ဆာကိုပဲ ပြန်လည် အသုံးပြုထားပါတယ်။ NFC မပါတဲ့ မော်ဒယ်က အားတခါသွင်းပြီးရင် ၂၀ ရက်တိတိ အသုံးခံကာ၊ NFC မော်ဒယ် ဆိုရင်တော့ ၁၅ ရက်တိတိ အသုံးခံပါတယ်။
Mi Band 4 ကို အနက်၊ အညို၊ အပြာ၊ လိမ္မော်နဲ့ ပန်းရောင် ဆိုပြီး လက်ပတ်အရောင်မျိုးစုံ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ရိုးရိုးမော်ဒယ်ကို ၂၄ ဒေါ်လာပဲ ရှိပါတယ်။ NFC ဗားရှင်းကတော့ ၃၃ ဒေါ်လာပါ။
Avengers ပရိတ်သတ်တွေအတွက် အရေအတွက် အကန့်အသတ်နဲ့ ထုတ်မယ့် Limited Edtion မော်ဒယ်လည်း ရှိပါတယ်။ သူကတော့ ဒေါ်လာ ၅၀ ကျသင့်မှာပါ။
Ref: GSM Arena