IT

အစားအသောက်တွေကို ဒရုန်းနဲ့ လိုက်ပို့ပေးတော့မှာ ဖြစ်ကြောင်း Uber ပြောကြား

အမေရိကန်နိုင်ငံ၊ ဆန်ဒီရေဂိုမြို့မှာ ယခု နွေရာသီက စတင်ပြီး အမြန်အစားအစာ (Fast Food) တွေကို ဒရုန်းနဲ့ လာပို့ခိုင်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ်၊ မေလကတည်းက Uber နဲ့ McDonald’s တို့ ပူးပေါင်းစမ်းသပ်နေခဲ့တာ ဖြစ်ပြီး၊ မကြာမီ အချိန်အတွင်း စတင်ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။

ဒရုန်းနဲ့ အစားအသောက် လာပို့ပေးမှာ ဆိုပေမယ့် သင့်အိမ်ရှေ့ တံခါးပေါက်အထိတော့ ဒရုန်း ရောက်လာမှာ မဟုတ်ပါဘူး။ လမ်းသွား လမ်းလာတွေအပေါ် ဘာဂါတွေ၊ အာလူးချောင်းကြော်တွေ ပြုတ်ကျတာမျိုး မဖြစ်စေဖို့အတွက် “စိတ်ချစွာ ဆင်းသက် ရပ်နားနိုင်တဲ့ ကြိုတင် သတ်မှတ်နေရာတွေ” အထိပဲ ဒရုန်းနဲ့ ပို့ပေးမှာ ဖြစ်ပါတယ်။

ရပ်နားထားတဲ့ Uber ကားခေါင်မိုးတွေပေါ်လည်း ဒရုန်း ဆင်းသက် ရပ်နား နိုင်ပါတယ်။ အဲဒီနောက်မှာ Uber ပစ္စည်းပို့ဆောင်သူ တဦးက ဒရုန်းက အစားအသောက်ကို ဖြုတ်ပြီး၊ မှာယူတဲ့ နေရာအထိ သွားရောက် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

ကား ဒါမှမဟုတ် စက်ဘီးနဲ့ မြေပြင်လမ်းကြောင်းအတိုင်း အစားအသောက်ပို့ဆောင်မယ်ဆိုရင် ၁ ဒဿမ ၅ မိုင်အကွာအဝေးကို ၂၁ မိနစ်လောက် ကြာမြင့်ပေမယ့်၊ ဒရုန်းနဲ့ အစားအသောက် ပို့မယ်ဆိုရင် ၇ မိနစ်သာ ကြာမြင့်မှာ ဖြစ်တယ်လို့ Uber က ဆိုပါတယ်။ ဒရုန်းနဲ့ အစားအသောက် ပို့ခနှုန်းထားက သာမန် အစားအသောက် ပို့ဆောင်ခ နှုန်းထားအတိုင်းပဲ ဖြစ်ပါတယ်။ ဆန်ဒီရေဂိုမြို့မှာဆို အများဆုံး ၈ ဒဿမ ၅၀ ဒေါ်လာလောက် ကျသင့်နိုင်ပါတယ်။

Uber ဟာ ဒီနည်းပညာကို မေလမှာ စမ်းသပ်ခဲ့စဉ်တုန်းက ရိုးရိုး ဒလက် ၆ ခုပါတဲ့ ဒရုန်းနဲ့ပဲ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါ ဒရုန်းဒီဇိုင်း အသစ်တမျိုးကို ဖန်တီးလျက် ရှိပြီး၊ ဒီနှစ်ကုန်လောက်မှာ စတင်ပြသမယ်လို့ ဆိုပါတယ်။

Uber ဟာ ၂၀၁၉ ခုနှစ်၊ ပထမသုံးလပတ်မှာ ကန်ဒေါ်လာ ၁ ဒဿမ ၁ ဘီလျံလောက် အသားတင် အရှုံးပေါ်ခဲ့ပေမယ့် အစားအသောက် ပို့ဆောင်ပေးတဲ့ Uber Eats လုပ်ငန်းကနေတာ့ ဒေါ်လာ ၅၃၆ သန်း လောက် ဝင်ငွေ ရရှိခဲ့ပါတယ်။ အရင်နှစ်ကထက် ၈၉ ရာခိုင်နှုန်း တိုးတက်လာတာပါ။ ဒါကြောင့် ကုမ္ပဏီရဲ့ လေကြောင်းလုပ်ငန်းဖြစ်တဲ့ Uber Elevate ဟာ အစားအသောက်တွေကို ဒရုန်းနဲ့ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Uber Elevate ဟာ အစားအသောက်တွေ သာမက ခရီးသည်တွေကိုပါ ဒရုန်းနဲ့ ပို့ဆောင်ဖို့ အကောင်အထည်ဖော်လျက် ရှိပါတယ်။ မိုးပျံတက္ကစီတွေကို ၂၀၂၀ ခုနှစ်မှာ စတင် စမ်းသပ်ပျံသန်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိပြီး၊ ၂၀၂၃ လောက်မှာ စတင် ပြေးဆွဲနိုင်ဖို့ မျှော်မှန်းထားပါတယ်။

Ref: Engadget, The Verge

You may also like these stories:

အသံဆူညံမှု မရှိတဲ့ “မိုးပျံတက္ကစီ” တွေကို Uber နဲ့ U.S Army တို့ ပူးပေါင်း အကောင်အထည် ဖော်သွားမည်

အရှေ့တောင် အာရှဒေသတွင်း လုပ်ငန်းလည်ပတ်မှုများ အတွက် Uber နှင့် Grab ပူးပေါင်းလိုက်ပြီ

ရေခဲသေတ္တာထဲအရောက် ပစ္စည်းပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုကို Walmart မိတ်ဆက်

Loading