စပိန် ဒေတာကာကွယ်ရေး အင်ဂျင်စီ (AEPD – Spanish Data Protection Agency) က နာမည်ကျော် ဘောလုံး အမှတ်ပေးပြိုင်ပွဲ လာလီဂါ (La Liga) ကို ယူရို ၂ သိန်းခွဲ ဒဏ်ငွေ ရိုက်လိုက်ပါတယ်။ လာလီဂါဘောလုံး App ဟာ EU ဒေတာ လွတ်လပ်ခွင့်နဲ့ ပွင့်လင်းမြင်သာရှိရေး ဥပဒေတွေကို ချိုးဖောက်ထားတယ်လို့ ဆိုပြီး ဒဏ်ရိုက်လိုက်တာ ဖြစ်ပါတယ်။
လာလီဂါ ဘောလုံးပွဲစဉ်ဆိုင်ရာ အချက်အလက်တွေ ကြည့်ဖို့ ထုတ်ပေးထားတဲ့ လာလီဂါ App ဟာ အသုံးပြုသူတွေရဲ့ဖုန်းက မိုက်ခရိုဖုန်းနဲ့ GPS တို့ကို အသုံးချပြီး တရားမဝင် ဘောလုံးပွဲ လွှင့်နေတဲ့ ဘားတွေကို ရှာဖွေနေတာကို AEPD က တွေ့ရှိခဲ့တာပါ။
လာလီဂါ App ဟာ သံစဉ်ကြားရုံနဲ့ သီချင်းရှာနိုင်တဲ့ Shazam လို နည်းပညာမျိုးကို အသုံးပြုပြီး ဖုန်းအသံကို ဖမ်းယူကာ ကြားရတဲ့ အသံက ဘောလုံးပွဲ ဟုတ်၊ မဟုတ် ခွဲခြားပေးနိုင်တာ ဖြစ်ပါတယ်။ အဲဒီနောက် GPS တည်နေရာရှာ စနစ်ကို အသုံးပြုပြီး လိုင်စင် မရှိဘဲ ဘောလုံးပွဲ လွှင့်နေတဲ့ ဘားတွေရဲ့ တည်နေရာကို ရှာဖွေနေတာ ဖြစ်ပါတယ်။
ဒီ App ကို လာလီဂါ ပရိတ်သတ်ပေါင်း ၁၀ သန်းကျော်က Download ရယူထားကြပါတယ်။ လာလီဂါ အဖွဲ့အစည်းကတော့ App ဟာ ဖုန်းထဲသွင်းမယ် ဆိုတာနဲ့ မိုက်ခရိုဖုန်းနဲ့ တည်နေရာတို့ကို ရယူဖို့ ခွင့်တောင်းထားပြီးဖြစ်ကြောင်း ချေပထားပါတယ်။
ဒါ့အပြင် အဆိုပါ ဒေတာတွေကို အသံအနေနဲ့ မဟုတ်ဘဲ ကုဒ်အနေနဲ့ပဲ ရယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တရားမဝင် လာလီဂါ လွှင့်တဲ့ ဆိုင်တွေကို ဖမ်းဖို့အတွက်ပဲ အသုံးပြုတာ ဖြစ်တယ်လို့ ရှင်းချက် ထုတ်ထားပါတယ်။
တကယ်တမ်း လာလီဂါ App ရဲ့ စည်းကမ်းသတ်မှတ်ချက်မှာလည်း App ရဲ့ တောင်းဆိုမှုတွေကို ခွင့်ပြုလိုက်မယ်ဆိုရင် အသုံးပြုသူတွေအနေနဲ့ သူတို့ ဖုန်းကို အသုံးချပြီး တရားမဝင် ဘောလုံးပွဲပြတာလိုမျိုး မမှန်မကန် အပြုအမူတွေကို ဖမ်းယူသွားမယ်ဆိုတာကို သိရှိ၊ သဘောတူပြီးဖြစ်ကြောင်း ရှင်းပြထားပါတယ်။
ဒါပေမဲ့ စပိန် ဒေတာကာကွယ်ရေး အေဂျင်စီကတော့ လာလီဂါဟာ ဒီအချက်ကို သေချာရှင်းလင်းအောင် မဖော်ပြထားဘူးလို့ ဆိုပါတယ်။ App ကိုလည်း ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဖြုတ်ချဖို့ အမိန့်ပေးထားပါတယ်။ လာလီဂါ ဘောလုံးအဖွဲ့ချုပ်ကတော့ ယခု ပြစ်ဒဏ်ကို အယူခံဝင်သွားမှာ ဖြစ်ပြီး၊ App မှာ သုံးထားတဲ့ နည်းပညာကို AEPD က သေချာ နားမလည်ကြောင်း ပြန်လည် ချေပထားပါတယ်။
Ref: The Verge
You may also like these stories:
ဖုန်းကနေ ထိန်းချုပ်နိုင်တဲ့ အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike မိတ်ဆက်
အမျိုးသမီးများ အရေးပေါ်အခြေအနေတွင် သုံးနိုင်မည့် အပလီကေးရှင်းထုတ်လုပ်
လုံခြုံမှု အမြင့်ဆုံး Messaging App များ
ကိုယ်ပိုင် HongMeng OS သုံး ဖုန်းပေါင်း ၁ သန်းကျော်ကို Huawei တင်ပို့ထားပြီးဖြစ်