အရေးပေါ်သွေးလိုအပ်နေသူတွေအတွက် တကယ့်ကို အသုံးဝင်မယ့် လုပ်ဆောင်ချက်တခု Facebook မှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ Facebook ဟာ ဒီလုပ်ဆောင်ချက်ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အခြားနိုင်ငံအချို့မှာ အောင်မြင်စွာ စမ်းသပ်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုအတွက် စတင်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ယနေ့ကစပြီး ချီကာဂို၊ နယူးယောက်၊ ဘောလ်တီမိုး၊ ဆန်ဖရန်စစ္စကိုနဲ့ ဝါရှင်တန်ဒီစီ နယ်မြေအတွင်းမှာ အရေးပေါ်သွေးလိုအပ်မှုတွေ ရှိပါက နီးစပ်ရာ Facebook အသုံးပြုသူတွေကို အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ရှေ့လ အနည်းငယ်အတွင်း အမေရိကန် တနိုင်ငံလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ Facebook က ပြောကြားထားပါတယ်။
သွေးလှူဒါန်းမှု လိုအပ်နေကြောင်း သတိပေးချက် (Notification) ကို Facebook အသုံးပြုသူတိုင်းမှာ အလိုအလျောက် ပြပေးမှာ မဟုတ်ပါဘူး။ သွေးအလှူရှင်အဖြစ် ပါဝင်ဖို့ Sign Up လုပ်ထားတဲ့သူတွေကိုပဲ Notification ပြပေးမှာ ဖြစ်ပါတယ်။ ပါဝင်ချင်သူတွေအနေနဲ့ မိမိ Facebook ပရိုဖိုင်က “About” ထဲ ဝင်ပြီး၊ ဒီ Feature ကို Sign Up လုပ်ပေးရမှာပါ။
သွေးဘဏ်တွေအနေနဲ့ သွေးအိတ် လက်ကျန် နည်းလာရင် နီးစပ်ရာ သွေးအလှူရှင်တွေကို အကြောင်းကြားပေးဖို့အတွက် Facebook မှာ ပို့စ်တင်နိုင်မှာ ဖြစ်ပါတယ်။ သွေးလိုအပ်နေကြောင်း သတင်းတွေကို စုစည်းဖော်ပြပေးမယ့် သီးသန့် စာမျက်နှာတခုကိုလည်း Facebook က ဖွင့်ပေးထားပါတယ်။
Facebook ဟာ သွေးလှူဒါန်းမှုလုပ်ဆောင်ချက်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင် စမ်းသပ်နေခဲ့တာပါ။ ကမ္ဘာအနှံ့အပြားက လူပေါင်း ၃၅ သန်းလောက် ပါဝင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံက သွေးလှူစင်တာတွေရဲ့ အဆိုအရ သွေးလာရောက်လှူကြသူ ၂၀ ရာခိုင်နှုန်းလောက်ဟာ Facebook ကြောင့် လာလှူဖြစ်တာလည်း ပါကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
“အမေရိကန်မှာ ၂ စက္ကန့်ကို လူတယောက် သွေးလိုအပ်နေပါတယ်။ သွေးတခါလှူရင် လူ့အသက် ၃ သက်လောက်ကို ကယ်တင်ပေးနိုင်မှာပါ” လို့ Facebook က Blog Post မှာ ရေးသားခဲ့ပါတယ်။ အချိန်နဲ့ အမျှ သွေးလိုအပ်နေပေမယ့် အမေရိကန် သွေးလှူဘဏ်တွေမှာ သွေးအလှူရှင်တွေ တဖြည်းဖြည်း နည်းကြောင်းလည်း Faecbook က ပြောထားပါတယ်။
Facebook ဟာ ယခု သွေးလှူဒါန်းမှု လုပ်ဆောင်ချက် အောင်မြင်ရေးအတွက် အမေရိကန် သွေးလှူစင်တာများအဖွဲ့၊ အမေရိကန် ကြက်ခြေနီအဖွဲ့၊ နယူးယောက်သွေးလှူစင်တာ၊ ရော့ခ်ရေးဗားဗယ်လီ သွေးလှူစင်တာ၊ စတန်းဖို့ဒ် သွေးလှူစင်တာ၊ ဗာစီတီ၊ ဗိုက်တဲလန့် စတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းထားပါတယ်။
Ref: DailyMail, Tech Crunch
You May Also Like These Stories:
News Feed မှာ ပေါ်လာတဲ့ ပို့စ်တွေ အကြောင်း Facebook ရှင်းပြမည်
Facebook Passwords တွေကို အသင့်ဖတ်နိုင်တဲ့ ပုံစံဖြင့် နှစ်များစွာတိုင် သိမ်းဆည်းထားကြောင်း တွေ့ရှိ
Messenger မှာ နှစ်သက်ရာ မက်ဆေ့ချ်ကို ပြန် Reply လုပ်နိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာ