IT

Galaxy Fold လို ဖြစ်မှာစိုးတာကြောင့် Huawei Mate X ခေါက်ချိုးဖုန်း ထုတ်မယ့်ရက်ကို ရွှေ့ဆိုင်း

Want create site? Find Free WordPress Themes and plugins.

Huawei နဲ့ Samsung ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုးဖုန်း မော်ဒယ်တွေကို ယခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင် မိတ်ဆက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖုန်းတွေကို ယခုအချိန်ထိ ကုမ္ပဏီနှစ်ခုစလုံး ထုတ်လုပ် ရောင်းချနိုင်ခြင်း မရှိသေးပါဘူး။

Samsung ကလည်း Display ပြဿနာတွေကြောင့် Galaxy Fold ခေါက်ချိုးဖုန်း ထုတ်မယ့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သလို၊ Huawei ကလည်း Mate X ခေါက်ချိုးဖုန်းက ဇွန်လမှာ စတင်ရောင်းချမယ်လို့ ရည်ရွယ်ထားပေမယ့် အခုတော့ စက်တင်ဘာလအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။

CNBC နဲ့ The Wall Street Journal ကို Huawei ပြောသွားပုံအရကတော့ Mate X ဖုန်းကို သုံးစွဲသူတွေလက်ထဲ အဆင်သင့် ထည့်ပေးနိုင်ဖို့အတွက် စမ်းသပ်မှုတွေ အပြင်းအထန်လုပ်နေတာကြောင့် ရောင်းမယ့်ရက်ကို နောက်ဆုတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

Samsung က Galaxy Fold ကို Display ပြဿနာတွေကြောင့် အမှန်တကယ် ထုတ်မရောင်းနိုင်ဖြစ်ခဲ့ပြီးနောက်မှာ Huawei ကလည်း အလားတူဖြစ်ရပ်မျိုး မကြုံအောင်လို့ ဂရုတစိုက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Galaxy Fold ကို ဧပြီလမှာတုန်းက Reviewer တွေ လက်ထဲ ထည့်ပေးခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာပဲ Display ထိခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် ထုတ်ရောင်းမယ့်ရက်ကို ရွှေ့လိုက်ရတာပါ။

“ကျနော်တို့ နာမည်ကို ထိခိုက်နိုင်တဲ့ ထုတ်ကုန်တခုကို ထုတ်မရောင်းချင်ပါဘူး”လို့ Huawei ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက CNBC ကို ပြောကြားခဲ့ပါတယ်။ တကယ်တမ်းတော့ စမ်းသပ်မှု အခိုင်အမာ မလုပ်ရသေးတဲ့ ခေါက်ချိုးဖုန်း နည်းပညာက စိတ်ချရမှု ရှိ၊ မရှိ ဆိုတာထက် တခြား ပြဿနာတခုကို Huawei ဘက်က ပိုစိုးရိမ်နေပုံပါ။ လက်ရှိ ကြုံတွေ့နေရတဲ့ အမေရိကန်အစိုးရရဲ့ ကုန်သွယ်မှု ပိတ်ပင်တဲ့ ပြဿနာ ဖြစ်ပါတယ်။

Huawei ကို အမေရိကန်အစိုးရက “Entity List” လို့ ခေါ်တဲ့ ကုန်သွယ်မှု ပိတ်ပင်တဲ့ စာရင်းထဲ ထည့်ထားတာကြောင့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ Huawei ကုမ္ပဏီထံ နည်းပညာတွေ ဘာတခုမှ လိုင်စင်ပေး၊ ရောင်းချလို့ မရ ဖြစ်နေပါတယ်။ Google ရဲ့ Android OS ဝန်ဆောင်မှု အပြည့်အဝလည်း သုံးမရ ဖြစ်နေတာပါ။

အမေရိကန်အစိုးရက ရက် ၉၀ ယာယီ လိုင်စင်ထုတ်ပေးထားတယ်ဆိုပေမယ့် သြဂုတ်လဆို သက်တမ်းပြည့်ပြီဖြစ်တာကြောင့် စက်တင်ဘာမှ ရောင်းမယ့် Huawei Mate X ဖုန်းမှာ Android ပါ၊ မပါက မရေမရာ ဖြစ်နေတာပါ။

CNBC သတင်းဌာနကတော့ Mate X ဖုန်းဟာ Huawei ကို အမေရိကန်အစိုးရ မပိတ်ခင်ကတည်းက မိတ်ဆက်ထားတဲ့ ဖုန်းဖြစ်တာကြောင့် Android OS နဲ့ပဲ လာမယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ Wall Street Journal ကတော့ ဒီပြဿနာကို ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ Huawei ဘက်ကတော့ ယခုကိစ္စနဲ့ ပတ်သတ်ပြီး မှတ်ချက်မပေးထားပါဘူး။

Android မပါလာဘူးဆိုရင်တော့ Huawei Mate X ဖုန်းဟာ ကုမ္ပဏီက နှစ်ရှည်လများ ဖန်တီးထားတဲ့ ကိုယ်ပိုင် OS နဲ့ ထွက်ရှိလာမှာပါ။ ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူ တဦးကတော့ ဒီဖုန်းကို Google ရဲ့ Android OS စနစ်အပြည့်နဲ့ပဲ ထုတ်ချင်ကြောင်း ဖွင့်ဟပြောကြားထားပါတယ်။ ဒါပေမဲ့ မဖြစ်မနေ ထုတ်ရပြီဆိုရင်လည်း Android မပါဘဲ နောက် ၆ လ ကနေ ၉ လ အတွင်း ထုတ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

Huawei Mate X ဖုန်းကို ဖေဖော်ဝါရီလမှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး၊ ခေါက်ချိုးဖုန်းအသစ်တွေထဲမှာ အလားအလာ အရှိဆုံး ဖုန်းဖြစ်ကြောင်း ချီးကျူးမှုတွေ ရရှိခဲ့ပါတယ်။ ၈ လက်မ OLED မျက်နှာပြင်ကို နှစ်ခေါက် ခေါက်နိုင်ပြီး၊ 8GB RAM ၊ ကင်မရာ ၃ လုံးနဲ့ 5G လိုင်းသုံးနိုင်စွမ်းတွေလည်း ပါဝင်ပါတယ်။ ခန့်မှန်းခြေ ဒေါ်လာ ၂,၆၀၀ ဈေးနဲ့ ရောင်းဖို့ ရှိပါတယ်။

Ref: The Verge

You may like these stories:

Mate X ခေါက်ချိုးဖုန်းကို Huawei မိတ်ဆက်

ခေါက်ချိုးဖုန်းတွေအတွက် Gorilla Glass မှန်သားအပျော့ကို Corning ဖန်တီးနေ

ခေါက်ချိုးအသုံးပြုနိုင်တဲ့ Samsung Galaxy Fold စမတ်ဖုန်း တရားဝင် ထွက်ရှိ

HongMeng OS ကို Huawei Mate 30 မှာ ပထမဆုံး အသုံးပြုဖွယ်ရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading