Google မှာ သီချင်းနာမည်တခုကို ရိုက်လိုက်တာနဲ့ သီချင်းစာသား အပြည့်အစုံ တန်းကျလာတဲ့ လုပ်ဆောင်ချက်ကို သုံးဖူးကြမှာပါ။ သီချင်းစာသား ဖော်ပြတဲ့ ဝက်ဘ်ဆိုဒ်တွေထဲ ဝင်စရာမလိုဘဲ သီချင်းစာသားအပြည့်အစုံကို Google Search Results မှာတင် ကြည့်နိုင်တာကြောင့် တကယ်အသုံးဝင်တဲ့ လုပ်ဆောင်ချက် တခု ဖြစ်ပါတယ်။
ဒါပေမဲ့ Google က ပြပေးနေတဲ့ သီချင်းစာသားအချို့ဟာ သူတို့ဆီက တိုက်ရိုက် ကူးယူထားတဲ့ စာသားတွေဖြစ်ကြောင်း Genius.com က စွပ်စွဲပြောကြားလိုက်ပါတယ်။
Genius.com ဆိုတာကတော့ သီချင်းစာသား အပြည့်အစုံ သာမက အဆိုပါစာသားရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကိုပါ ဝင်ရောက်ဖတ်ရှုနိုင်တဲ့ ဝက်ဘ်ဆိုဒ်တခု ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ Rap Genius ဆိုတဲ့ နာမည်နဲ့ စတင် လွှင့်တင်ခဲ့ပြီး၊ အရင်က Rap သီချင်းစာသားတွေပဲ သီးသန့်ဖော်ပြခဲ့တာပါ။ နောက်ပိုင်းမှာတော့ Pop, Rock, Metal စတဲ့ သီချင်းအမျိုးအစားတွေကိုပါ တိုးချဲ့ဖော်ပြခဲ့ပြီး သီချင်းချစ်သူတိုင်း ဆုံစည်းရာနေရာတခု ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာတော့ Genius သီချင်းစာသားအချို့ကို Google က တိုက်ရိုက် ကော်ပီကူးပြီး ပြနေတာကြောင့် သူတို့ ဝက်ဘ်ဆိုဒ် လူဝင်ကြည့်နှုန်း ကျလာကြောင်း ယနေ့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ကော်ပီကူးနေကြောင်း ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေကိုလည်း Google ထံ အကြိမ်ကြိမ် တင်ပြခဲ့တယ်လို့ Genius ရဲ့ နည်းဗျူဟာအရာရှိချုပ် Ben Gross က ဆိုပါတယ်။
Genius မှာ သူတို့ သီချင်းစာသားတွေကို တခြားလူ ကော်ပီကူးရင် သိနိုင်ဖို့အတွက် ပိရိတဲ့ လှည့်ကွက်တခု သုံးထားပါတယ်။ သီချင်းစာသားတွေမှာပါတဲ့ Apostrophes သင်္ကေတ (‘) ကိုမှ အကွေးတခါ၊ အဖြောင့်တခါ တလှည့်စီ သုံးပြီး Watermark ပုံစံ လုပ်ထားတာပါ။ Apostrophes သုံးထားတဲ့ ပုံစံကို Morse Code အနေနဲ့ ပြောင်းလိုက်မယ်ဆိုရင် “Red Handed” (လက်ပူးလက်ကြပ် မိပြီ) ဆိုတဲ့ စကားလုံး ထွက်လာမှာ ဖြစ်ပါတယ်။
Google ကတော့ Search Result မှာပြတဲ့ သီချင်းစာသား အကြောင်းအရာတွေကို LyricFind Inc ဆိုတဲ့ ပြင်ပ ကုမ္ပဏီတခုကနေ လိုင်စင်နဲ့ ယူသုံးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြဿနာတခု ဖြစ်ရင်လည်း လိုင်စင်ယူထားတဲ့ မိတ်ဖက်ကုမ္ပဏီက အပြည့်အဝ တာဝန်ရှိကြောင်း Wall Street Journal ကို ပြောကြားခဲ့ပါတယ်။ LyricFind ကလည်း Genius က သီချင်းစာသားတွေ ယူမသုံးဘူးလို့ ငြင်းဆိုထားပါတယ်။
Google ဟာ ယခုပြဿနာကို ဒေတာ မိတ်ဖက်ကုမ္ပဏီတွေနဲ့အတူ စုံစမ်းစစ်ဆေးလျက် ရှိပြီး၊ မိတ်ဖက်ကုမ္ပဏီတွေဘက်က ကျင့်ဝတ် မညီတာရှိရင် လက်တွဲမှု ဖြုတ်သွားမယ်လို့ တုံ့ပြန်ထားပါတယ်။
အမေရိကန်တရားရေးရာဌာနက Google ကို ဈေးကွက် လက်ဝါးကြီးအုပ်မှုအတွက် စုံစမ်းစစ်ဆေးဖွယ်ရှိတဲ့ ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး မကြာခင်မှာပဲ Genius.com က Google ရဲ့ လုပ်ရပ်ကို ထုတ်ဖော် တိုင်ကြားလိုက်တာ ဖြစ်ပါတယ်။
Ref: The Verge, WSJ
You may also like these stories:
နယူးဇီလန် ပစ်ခတ်မှု ဗီဒီယိုပေါင်း ၁ ဒဿမ ၅ သန်းကို ဖယ်ရှားခဲ့ကြောင်း Facebook ပြောကြား
တရားမဝင် ဘောလုံးပွဲ ပြတဲ့ဆိုင်တွေ ရှာတဲ့ လာလီဂါ App ကို ဒဏ်ရိုက်
Firefox မှာ လစဉ်ကြေးဝန်ဆောင်မှု ပါဝင်လာတော့မည်