အကျင့်ဆိုတာမျိုးက မကောင်းမှန်းသိရင် ဖျောက်ရခက်ပါတယ်။ “အအိပ်အစား မက်တာ”၊ “လူကြားထဲ လက်သည်းကိုက်တတ်တာ” စတဲ့ အကျင့်ဆိုးမျိုးက ကျန်းမာရေးကော၊ လူမှုရေးအတွက်ပါ မကောင်းပါဘူး။ ဒီလို အကျင့်ဆိုးတွေကို ကြိုးစား ဖျောက်ချင်သူတွေအတွက် လက်ပတ်တမျိုးကို Amazon က ရောင်းချလိုက်ပါတယ်။
Amazon Pavlok လက်ပတ်ဟာ ကိုယ်ဖြတ်မယ်လို့ ရည်ရွယ်ထားတဲ့ အကျင့်ဆိုးတခုကို တခါ ပြန်လုပ်မိတိုင်း ၃၅၀ ဗို့အားနဲ့ သင့်ကို ဓာတ်လိုက်စေမှာပါ။ “ဆေးလိပ် စွဲနေတာ”၊ “အအိပ် မက်တာ”၊ “အင်တာနက်မှာ အချိန်ကုန်နေတာ” စတဲ့ မကောင်းတဲ့ အကျင့်ဆိုး တော်တော်များများကို ဖြတ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။
အသုံးပြုသူတွေအနေနဲ့ ဒီလက်ပတ်ကို တနေ့လုံး ဝတ်ထားရမှာဖြစ်ပြီး၊ အကျင့်ဆိုးတခုကို ပြန်လုပ်မိပြီဆိုတာနဲ့ ကိုယ့်ဘာသာ ဓာတ်လိုက်အောင် လုပ်ရမှာပါ။ လက်ပတ်ကို နှိပ်ပြီး ဓာတ်လိုက်အောင် လုပ်နိုင်သလို၊ Pavlock App ကနေလည်း လှမ်းလုပ်နိုင်ပါတယ်။
မနက်ဆို အိပ်ရာ မနိုးတာလိုမျိုး အိပ်စက်မှုနဲ့ သက်ဆိုင်တဲ့ အကျင့်မျိုးဆိုရင်တော့ အလိုအလျောက် ဓာတ်လိုက်အောင် App မှာ ရွေးထားနိုင်ပါတယ်။ Pavlock App ကို မိတ်ဆွေ၊ သူငယ်ချင်းတွေကလည်း Download ရယူထားနိုင်တဲ့အတွက် ကိုယ့်ဘာသာ မလုပ်ရင်တောင် သူတို့မိသွားတာနဲ့ သင့်ကို အပြစ်ပေးမှာပါ။
ဒီလက်ပတ်ဝတ်ပြီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာ အကျင့်ဆိုးတွေ လုံးဝ မပျောက်သည့်တိုင် လုပ်ချင်တဲ့ အာသီသတွေ သိသိသာသာ လျော့ကျသွားတာကို သတိထားမိမှာ ဖြစ်တယ်လို့ Amazon က ဆိုပါတယ်။
Pavlock လက်ပတ်ကို ဝယ်ချင်တယ်ဆိုရင်တော့ Amazon မှာ ၂၄၂ ဒေါ်လာနဲ့ ဝယ်ယူနိုင်ပါတယ်။ အားတခါသွင်းထားရင် အကြိမ် ၁၅၀ လောက် အသုံးပြုနိုင်ပါတယ်။ အား ဘယ်နှစ်ရက်လောက်ခံမလဲဆိုတာကတော့ သင့်အပေါ်ပဲ မူတည်မှာပါ။ ကျင်စက် (Taser) လောက် အားမပြင်းပေမယ့် ထခုန်မိလောက်အောင်တော့ ဗို့အား ရှိတယ်လို့ လက်ပတ်တီထွင်သူ Maneesh Sethi က ပြောကြားပါတယ်။
“ကျနော့်မှာ အာရုံစူးစိုက်မှု အားနည်းပြီး စိတ်ဂနာမငြိမ်တဲ့ (ADHD) ရောဂါ ရှိပါတယ်။ အရင်ကဆို တော်တော်လေး Facebook စွဲခဲ့တာပါ။ ဒါကြောင့် Blog Post တခု ရေးပြီး ဝန်ထမ်းတယောက် ငှားခဲ့ရပါတယ်။ သူ့အလုပ်က ဘာလဲဆိုတော့ ကျနော် Facebook တခါ ဖွင့်တာနဲ့ ကျနော့်ကို တချက် လှမ်းရိုက်ရတာပါ”
“နောက်ပိုင်းမှာတော့ ကျနော့်ရဲ့ အလုပ် ပြီးမြောက်မှုနှုန်းလည်း သိသိသာသာ တိုးတက်သွားပါတယ်” လို့ သူက ပြောပါတယ်။ ဒီလိုနဲ့ Pavlock ကို တီထွင်ဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စိတ်ပညာရှင် Doctor Greg Cason ကတော့ ဒီလိုလက်ပတ်မျိုးဟာ လက်မှာ အသေပတ်ထားတာမျိုး မဟုတ်ရင် တကယ် အလုပ်မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အသေ မဟုတ်ရင်တော့ လက်ပတ်ချွတ်ပြီး လုပ်ကြမှာပဲလို့ ဆိုပါတယ်။
Pavlock လက်ပတ်ကို ကိုယ်ဝန်ဆောင်သည်တွေနဲ့ နှလုံးရောဂါအခံ ရှိသူတွေကလွဲလို့ အသက် ၁၈ နှစ်နဲ့ အထက်၊ မည်သူမဆို စိတ်ချလက်ချ ဝတ်ဆင်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ ဒီလက်ပတ်သုံးပြီး မကောင်းတဲ့အကျင့်ကို အပြီးဖြတ်နိုင်ခဲ့သူပေါင်း ၂ သောင်းကျော် ရှိတယ်လို့တော့ Pavlock က ဆိုထားပါတယ်။
Ref: DailyMail, UniLadNigma
You May Also Like These Stories:
ရောင်စုံမျက်နှာပြင်နဲ့ အသံထိန်းချုပ် စနစ်တို့ ပါဝင်လာတဲ့ Mi Band 4 စမတ်လက်ပတ်ကို မိတ်ဆက်
ZTE ရဲ့ ဖုန်းတဖြစ်လဲ ခေါက်ချိုး စမတ်နာရီ “Nubia Alpha”
လက်မှာ ပတ်ထားနိုင်တဲ့ ခေါက်ချိုးဖုန်းတလုံးကို TCL ဖန်တီးနေ