အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုကြောင့် Huawei အနေနဲ့ ပြည်ပ ဖုန်းရောင်းအား ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ခြေရှိကြောင်း ကုမ္ပဏီတည်ထောင်သူ Ren Zhengfei က လွန်ခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။
ဒီလို ပြောပြီး ရက်ပိုင်းအကြာမှာပဲ Huawei က အာမခံပေါ်လစီအသစ်တခုကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လက်ရှိ Huawei ဖုန်းမော်ဒယ်တွေမှာ Google နဲ့ Facebook တွေ သုံးမရတော့ဘူးဆိုရင် ငွေအပြည့် ပြန်အမ်းမယ်လို့ အာမခံလိုက်တာပါ။
အမေရိကန်အစိုးရက Huawei နဲ့ ကုန်သွယ်မှု မလုပ်ဖို့ တားမြစ်လိုက်တာကြောင့် Google က Huawei ကို Android OS နဲ့ Google Apps တွေ သုံးခွင့် ရုပ်သိမ်းလိုက်သလို၊ Facebook ကလည်း သူ့ Apps တွေ ကြိုတင်ထည့်ခွင့် မပေးတော့ကြောင်း ကြေညာထားပါတယ်။
တကယ်တမ်းတော့ အထက်ပါ တားမြစ်မှုတွေက လက်ရှိထုတ်ပြီးသား Huawei ဖုန်းမော်ဒယ်အားလုံးမှာ အကျုံးမဝင်ပါဘူး။ ဒါပေမယ့်လည်း Huawei ဖုန်းအသုံးပြုသူတွေကတော့ သူတို့ လက်ရှိကိုင်နေတဲ့ ဖုန်းတွေမှာ ဒီ Apps တွေ သုံးမရတော့မှာကို စိုးရိမ်ပူပန်နေကြပါတယ်။ ဒီပူပန်မှုတွေ လျော့ပါးစေဖို့အတွက် Huawei က အာမခံအစီအစဉ်တခု စတင်လိုက်တာပါ။
Huawei ဖုန်းတလုံး ဝယ်ပြီးနောက် ၂ နှစ်အတွင်းမှာ Facebook ၊ Instragram ၊ WhatsApp ၊ YouTube ၊ Gmail စတဲ့ နာမည်ကြီး Apps တွေ သုံးမရတော့ဘူးဆိုရင် ဖုန်းတန်ဖိုးအပြည့် ပြန်ပေးသွားမှာ ဖြစ်တယ်လို့ ကတိပေးထားပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုခံရပြီးနောက်မှာ ပထမဆုံး ထွက်ပေါ်လာတဲ့ အာမခံအစီအစဉ်လည်း ဖြစ်ပါတယ်။
ဒီအာမခံကို ဖိလစ်ပိုင်နိုင်ငံမှာပဲ ရရှိဦးမှာ ဖြစ်တယ်လို့ Huawei Central က ရေးသားထားပါတယ်။ သြဂုတ်လမတိုင်ခင်အတွင်း ဝယ်ယူထားတဲ့ Huawei ဖုန်းအားလုံး အကျုံးဝင်မှာပါ။ အဆိုပါသတင်းကို Huawei ကလည်း အတည်ပြုပေးထားပါတယ်။
တခြားနိုင်ငံတွေမှာလည်း Huawei ဖုန်းဝယ်ထားသူတွေက အရောင်းဆိုင်တွေဆီ ပြန်လာပြီး ပိုက်ဆံပြန်အမ်းပေးဖို့ တောင်းဆိုနေကြတဲ့သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင့် အလားတူ အာမခံအစီအစဉ်မျိုးကို အခြားကမ္ဘာ့ဈေးကွက်တွေမှာလည်း ထုတ်ပေးနိုင်ဖွယ် ရှိပါတယ်။
Ref: Forbes, BGR
You may also like these stories:
Android နဲ့ Windows တို့ သုံးခွင့်မရပါက ကိုယ်ပိုင် OS တွေ အဆင်သင့် ရှိကြောင်း Huawei ပြောကြား
Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း
၂၀၁၉ မှာ ပြည်ပဖုန်းရောင်းအား အလုံးရေ သန်း ၆၀ အထိ ကျသွားနိုင်ကြောင်း Huawei ခန့်မှန်း