ဖေ့ဘွတ်သည် ကမ္ဘာတဝှမ်းမှ လူ ၂ ဘီလီယံကျော်၏ နေ့စဉ် ဆက်သွယ်ရေးတွင် မင်းမူနေပြီးဖြစ်သည်။ ယခု ကိုယ်ပိုင်ငွေကြေးထူထောင်မည်ဟု ဆိုသည်။
ထိုလူမှုကွန်ရက်သည် Bitcoin နှင့်အလားတူ တကမ္ဘာလုံးသုံးရန် နည်းပညာငွေကြေးသစ်ကို ဖန်တီးရန် ရည်မှန်းချက်ကြီးမားလှသော အစီအစဉ်ကို ဇွန် ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာသည်။ ထိုအစီအစဉ်ကြောင့် ၎င်း၏ ဝန်ဆောင်မှုများအတွက် အီးကောမာ့စ်ကို အားပေးပြီး ဖေ့ဘွတ်တွင်ကြော်ငြာများကို တွန်းတင်ပေးနိုင်တော့မည်ဖြစ်သည်။
သို့သော် PayPal, Uber, Spotify, Visa နှင့် Mastercard တို့နှင့်ပူးပေါင်းဆောင်ရွက်မည့် ထိုအားထုတ်မှုသည် ဖိအားပေးခံနေရသော ဖေ့ဘွတ်အတွက် အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်သည်။
ဖေ့ဘွတ်သည် လက်ရှိအခြေအနေတွင် ၎င်း၏ ပုဂ္ဂလိကဆိုင်ရာ အချက်အလက်များ ထိန်းသိမ်းမှုအလေ့အထများကို ဖက်ဒရယ် အစိုးရစစ်ဆေးမှု ခံနေရပြီး ကွန်ဂရက်တွင် အခြားသော နည်းပညာလုပ်ငန်းကြီးများနှင့်အတူ လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုသစ်ကိုလည်း ရင်ဆိုင်နေရသည်။
ဘဏ်များ၊ နိုင်ငံအလိုက် ငွေကြေးများနှင့် အသုံးပြုသူများ၏ ပုဂ္ဂလိကအချက်အလက်များကို ခြိမ်းခြောက်နိုင်သည်ဟု ယူဆရသည့် တကမ္ဘာလုံးကျယ်ပြန့်သော ငွေကြေးဖန်တီးခြင်းဖြင့် ဖေ့ဘွတ်သည် လုပ်ထုံးလုပ်နည်း ကြီးကြပ်သူများ၏ စိတ်ဝင်စားမှုကို လျှော့ချနိုင်မည့် အလားအလာ မရှိပေ။
လစ်ဘရာ Libra ဟုခေါ်သော ထိုငွေကြေးကို လာမည့် ၆ လနှင့် တနှစ်အတွင်း ထုတ်ဝေရန် စီစဉ်ထားသည်။
ဖေ့ဘွတ်သည် Libra ငွေကြေးနှင့် လိုအပ်သောနည်းပညာကို ဦးဆောင်မည်ဖြစ်ပြီး ၎င်း၏ ပူးပေါင်းဆောင်ရွက်သူ ၂ ဒါဇင်ကျော်သည် ထိုစနစ်ကို ငွေကြေးထောက်ပံ့၊ တည်ဆောက်၊ အုပ်ချုပ်ကြမည်ဖြစ်သည်။
ထိုလုပ်ငန်းအတွက် လက်ရှိနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်သူများထံမှ ရန်ပုံငွေ ၁ ဘီလီယံရမည်ဟု ဖေ့ဘွတ်က မျှော်လင့်ထားသည်။
Libra သည် Western Union နှင့် အခြားနိုင်ငံတကာ ငွေလွှဲလုပ်ငန်းများကဲ့သို့ ကုန်ကျစရိတ် မကြီးမားဘဲ နယ်စပ်ဖြတ်ကျော်ငွေလွှဲရေးအတွက် ဖြစ်သည်ဟု ဖေ့ဘွတ်ကုမ္ပဏီအရာရှိများက အလေးထားပြောသည်။
Libra သည် ကမ္ဘာတဝှမ်းမှ ဘဏ်စာရင်းနှင့် အကြွေးဝယ်ကတ် မရှိသူများအတွက် အွန်လိုင်းကူးသန်းရောင်းဝယ်ရေးကို ဖွင့်ပေးသည်ဟုလည်း ဆိုသည်။
“ ရှေ့နှစ်အတော်ကြာကြာကို မျှော်ကြည့်လိုက်မယ်ဆိုရင် ကမ္ဘတဝှမ်းက စားသုံးသူတွေဟာ ကမ္ဘာ့စီးပွားရေးကို လမ်းပွင့်နေလိမ့်မယ်” ဟု ဖေ့ဘွတ်အမှုဆောင် ဒေးဗစ်မားကပ်စ်က AP နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
ဖေ့ဘွတ်ပေါ်ရှိ ကြော်ငြာများမှ ပစ္စည်းဝယ်ယူရန် အသုံးပြုသူများကို အားပေးရေးအတွက် ထိုငွေကြေးကို ဖေ့ဘွတ်က အသုံးပြုနိုင်သည်။
စီးပွားရေးလုပ်ငန်းကြီးများထံမှ ထောက်ခံမှုဖြင့် Libra သည် လူအများလက်ခံသည့် Bitcoin ကဲ့သို့သော ငွေကြေးဖြစ်လာနိုင်သည်။
ထိုကဲ့သို့သော ရောင်းဝယ်သူများကြား တိုက်ရိုက်လွှဲပြောင်းနိုင်သော ငွေကြေး cryptocurrencies များသည် စူးစမ်းလေ့လာလိုသော ရင်းနှီးမြှုပ်နှံသူများနှင့် ဆန်းသစ်တီထွင်သူများအကြား ပထမရေပန်းစားသော်လည်း အများပြည်သူကို ဖမ်းစားနိုင်ခြင်း မရှိပေ။
Bitcoin ကိုယ်တိုင်မှာလည်း လျှို့ဝှက်မှုများနှင့် လိမ်လည်ခံရနိုင်သည့် စိုးရိမ်မှုများ ဝန်းရံနေပြီး တန်ဖိုး အတက်အကျပြင်းထန်ပြီး သာမန် ဈေးဝယ်သူများကို မဆွဲဆောင်နိုင်ပေ။
Libra ၏ တန်ဖိုးကို အမေရိကန်ဒေါ်လာ၊ ယူရို၊ ယန်းနှင့် အခြား အခြေတည်ပြီးငွေကြေးများနှင့် အချိတ်အဆက် လုပ်ထားသောကြောင့် ထိုသို့ဖြစ်မည် မဟုတ်ကြောင်း ဖေ့ဘွတ်ကပြောသည်။
Libra ဝယ်ယူမှုတိုင်းကို ပြင်ပငွေကြေး တန်ဖိုးနှင့် ညီသည့် အရန်ငွေဖြင့် ကျောထောက်နောက်ခံပေးထားပြီး တန်ဖိုးတည်ငြိမ်စေမည်ဟု ဆိုသည်။
မကြာသေးမီက သမိုင်းအရ ဖေ့ဘွတ်၏ ကြီးမာေးသောကြေညာချက်များသည် အလုပ်မဖြစ်ပေ။
ဥပမာ လွန်ခဲ့သော ၂ နှစ်က ဖုန်းနှင့် အခြားကွန်ပြူတာများတွင် ပြင်ပပတ်ဝန်းကျင်နှင့် ဒစ်ဂျစ်တယ်ရုပ်ပုံများ ပေါင်းစပ်ထည့်သွင်းပေးမည့် တိုးချဲ့သရုပ်မှန် – augmented reality ပရောဂျက်သည် ဖေ့ဘွတ်၏ အဓိကအာရုံစိုက်သောနယ်ပယ်ဖြစ်သည်ဟု ဖေ့ဘွတ် အမှုဆောင်အရာရှိချုပ် မာ့က် ဇူကာဗတ်က ကြေညာခဲ့ဖူးသည်။
ထိုကဲ့သို့သော အပလီကေးရှင်းများကို ယနေ့တိုင်မတွေ့ရသေးပေ။ လွန်ခဲ့သော တနှစ်က ဇူကာဗတ်ပြောကြားခဲ့သည့် မက်ဆင်ဂျာတွင် အီးကောမာ့ကို တော်လှန်ပြောင်းလဲမည့် အွန်လိုင်းဈေးဝယ်ချက်ဘောက်သည်လည်း အလားတူဖြစ်ခဲ့သည်။
ဖေ့ဘွတ်သည် Libra ကို တိုက်ရိုက်စီမံမည်မဟုတ်ဘဲ ၎င်းနှင့် ပူးပေါင်းဆောင်ရွက်သူများသည် ဂျနီဗာတွင် ဌာနချုပ်ထားရှိမည့် Libra Association ခေါ် အကျိုးအမြတ်မယူသောအဖွဲ့ကို ဖွဲ့စည်းပြီး ထိုငွေကြေးသစ်နှင့် အသုံးပြုမှုကို ကြီးကြပ်မည်ဖြစ်သည်။ ထိုအဖွဲ့ကို ဆွစ် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း အာဏာပိုင်များက ထိန်းကျောင်းမည်ဟု ဖေ့ဘွတ်က ဆိုသည်။
ဖေ့ဘွတ်သည် လုပ်ငန်းခွဲသစ်ဖြစ်သည့် Calibra ကိုလည်း တည်ထောင်ထားပြီးဖြစ်ကာ ထိုလုပ်ငန်းက ရောင်းသူ ဝယ်သူများကြား Libra ကို ပေးပို့ သုံးစွဲရန် ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်များ ထုတ်လုပ်နေသည်။
Libra သုံးစွဲသူများ၏ ငွေပေးငွေယူအချက်အလက်များကို ရာဇဝတ်ဥပဒေအရ လိုအပ်သောအခါမှလွဲပြီး ဖေ့ဘွတ်သို့ မျှဝေမည်မဟုတ်ကြောင်း Calibra က ကတိပြုသည်။
သို့သော် ပစ္စည်းများဝယ်ရန်နှင့် ငွေပေးပို့ရန် အသုံးပြုသူများသည် ဖေ့ဘွတ်ကို အသုံးပြုရသောကြောင့် ဖေ့ဘွတ်သည် ဈေးဝယ်နှင့် ငွေလွှဲပြောင်းမှု အလေ့အထအချို့ကို ခြေရာခံနိုင်သည်။
Calibra ၏ ဒစ်ဂျစ်တယ် ပိုက်ဆံအိတ်ကို ဖန်တီးရန် အသုံးပြုသူများတွင် ဖေ့ဘွတ်အကောင့်ရှိရန် မလိုပေ။ Libra ကိုပေးပို့ရန်နှင့် လက်ခံရန် ဖေ့ဘွတ်၏ အဓိက အပလီကေးရှင်း ၂ ခုဖြစ်သော WhatsApp နှင့် Messenger ကို အသုံးပြုမည်ဟု ဆိုသည်။
Instagram မက်ဆေ့များကို ကနဦးတွင် ထည့်သွင်းအသုံးပြုမည် မဟုတ်ပေ။
သို့သော် ပုဂ္ဂိုလ်ရေး လုံခြုံမှုနှင့်ပတ်သက်သည့် မဖြေဆိုသေးသော မေးခွန်းများစွာ ရှိနေသေးသည်။ Libra ကဲ့သို့သော Cryptocurrencies များသည် ငွေပေးငွေယူ၊ ဝယ်ယူမှုအားလုံးကို blockchain ဟုခေါ်သည့် စကားဝှက်ဖြင့်ရေးထားပြီး ကျယ်ပြန့်သည့် စာရင်းများဖြင့် သိမ်းဆည်းထားသည်။ ထို့ကြောင့် အသုံးပြုသူတဦးခြင်း၏ အမည်ရင်းမဟုတ်သော အမည်ဝှက်များဖြင့် ဖေါ်ပြထားမည်ဖြစ်သော်လည်း ငွေပေးငွေယူ၊ ဝယ်ယူမှုများသည် အမြဲတည်ရှိနေမည့် မှတ်တမ်းဖြစ်နေသည်။
လူသိရှင်ကြား အသေးစိတ် ထုတ်ပြန်ခြင်းမရှိသည့် ဇူကာဘတ်၏ ရေရှည် အစီအစဉ်မှာ ဝန်ဆောင်မှုများကို ပုဂ္ဂလိကတဦးချင်း တိုက်ရိုက်အဆက်အသွယ် ဖြစ်စေရန် အားထုတ်သည့် ပုဂ္ဂလိက အချက်အလက်များကို အကာအကွယ်ပေးသည့် မက်ဆေ့အပလီကေးရှင်းများကို အကြီးအကျယ် မှီခိုရန်ဖြစ်သည်။
ဇူကာဘတ်သည် တရုတ်နိုင်ငံ၏ WeChat ဝန်ဆောင်မှုမျိုးကို အမေရိကန်တွင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုတေသီအများအပြားကပြောသည်။ WeChat သည် လူမှုကွန်ရက် စာတိုမက့်ဆေ့ပေးပို့ခြင်းနှင့် ငွေပေးချေမှုကို အပလီကေးရှင်းတခုတည်းတွင် ပေါင်းစပ်ထားသည်။ Libra သည် ဖေ့ဘွတ်ကို ထိုအပလီကေးရှင်းနှင့် ပိုမိုတူလာစေမည်ဖြစ်သည်။
ကိုးကား ။ ။ AP
You may also like these stories:
သွေးအလှူရှင် လိုအပ်ပါက အကြောင်းကြားပေးမယ့် လုပ်ဆောင်ချက်ကို Facebook ထုတ်ပေး
Facebook App တွေကို Huawei ဖုန်းတွေမှာ ကြိုတင် မထည့်ပေးရန် တားမြစ်
Mark Zuckerberg ကို ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းမှု မအောင်မြင်
OTP လုပ်ဆောင်ချက် ပါဝင်တဲ့ MytelPay မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုကို စတင်မိတ်ဆက်
ဒစ်ဂျစ်တယ်စီးပွားရေးဇုန် တည်ထောင်ရန် ခွင့်ပြုထားခြင်း မရှိဟု မိုင်းလားခေါင်းဆောင်များပြော