IT

'RoboCop' ကင်းလှည့်စက်ရုပ်ကို ကယ်လီဖိုးနီးယားရဲတပ်ဖွဲ့မှာ စတင် အသုံးပြု

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ရဲတပ်ဖွဲ့က လမ်းနဲ့ ပန်းခြံတွေကို ကင်းလှည့်စစ်ဆေးဖို့အတွက် စက်ရုပ်တရုပ်ကို တပ်ဖွဲ့ဝင်အဖြစ် ခေါ်ယူ ခန့်အပ်လိုက်ပါတယ်။

နာမည်ကျော် ရုပ်ရှင်ဇာတ်ကား “RoboCop” ကို အစွဲပြုပြီး “HP RoboCop” လို့ နာမည်ပေးထားတဲ့ စက်ရုပ်ကို ဟန်တင်းတန်ရဲဌာနက ယခုတပတ်မှာ စတင်ပြသခဲ့တာပါ။

အလိုအလျောက် လှုပ်ရှားသွားလာနိုင်တဲ့ စက်ရုပ်ဖြစ်ပြီး၊ ကိုယ်ထည်အပေါ်ပိုင်းမှာ ၃၆၀ ဒီဂရီပတ်လည် ရိုက်ကူးနိုင်တဲ့ ကင်မရာတွေကို တပ်ဆင်ထားပါတယ်။ ဘေးပတ်ပတ်လည်မြင်ကွင်းကို ရဲဌာနချုပ်တွေထံ ထပ်ဆင့် ပြန်လွှင့်ပေးနိုင်တာကြောင့် အမှုအခင်းတခု ဖြစ်ပေါ်တာနဲ့ ရဲအရာရှိတွေကို ချက်ချင်း စေလွှတ်ပေးနိုင်မှာပါ။

HP RoboCop စက်ရုပ်ကို ရဲဝန်ထမ်းတွေ အမြဲတစေ ကင်းလှည့်စောင့်ကြည့်ဖို့ အချိန်မပေးနိုင်တဲ့ အချို့နေရာတွေမှာ “အပိုမျက်လုံးတစုံသဖွယ်” အသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ လူသွားပလက်ဖောင်းတွေပေါ်မှာလည်း အခက်အခဲမရှိ ဘီးနဲ့ လှိမ့်သွားနိုင်မှာပါ။ လမ်းသွားလမ်းလာတွေနဲ့ ဆုံရင်လည်း “မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေ”၊ “တဆိတ်လောက်” စသဖြင့် နှုတ်ခွန်းဆက် ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

HP RoboCop စက်ရုပ်တွေကို ဆီလီကွန်တောင်ကြားအခြေစိုက် Knightscope ကုမ္ပဏီက ထုတ်လုပ်ထားတာပါ။ အမေရိကန်နိုင်ငံက မြို့ကြီးအချို့ရဲ့ စျေးဝယ်ကုန်တိုက်တွေ၊ ဆေးရုံ၊ ခန်းမ၊ အားကစားကွင်းနဲ့ ဂိုဒေါင်တွေမှာ အသုံးပြုလျက်ရှိတယ်လို့ ကုမ္ပဏီရဲ့ Website မှာ ဖော်ပြထားပါတယ်။

စက်ရုပ်တွေကို အငှားနဲ့ ခန့်ထားနိုင်ပြီး၊ ငှားရမ်းခက တလကို ဒေါ်လာ ၆,၅၀၀ နဲ့ ၈,၃၀၀ ကြားလောက် ရှိပါတယ်။ နယူးယော့ခ်စီးတီး မြို့အနှံ့မှာလည်း ဒီစက်ရုပ်တွေကို ချထားပြီး ဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လိစ်မြို့လယ်ကောင်က စျေးဝယ်ကုန်တိုက်တခုမှာလည်း လုံခြုံရေးအဖြစ် တာဝန်ယူပေးနေတဲ့ RoboCop စက်ရုပ်တရုပ်ကို တွေ့မြင်ရမှာပါ။

“ရဲတပ်ဖွဲ့ဝင်တွေ မြို့တွင်း ကင်းလှည့်ရာမှာ အကူအညီပေးဖို့အတွက် HP RoboCop ကို တရားဝင် ခေါ်ယူခန့်ထားနိုင်ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်” လို့ မြို့တော်ဝန် ကာရီနာမာဆီးယက်စ် က ပြောပါတယ်။

“ကျမတို့ မြို့အတွက် ကြီးမားတဲ့အောင်မြင်မှုတခုပါပဲ။ HP RoboCop ကို မိတ်ဆက်လိုက်နိုင်တာဟာ နည်းပညာအသစ်နဲ့ ပေါင်းစည်းနိုင်ပြီး၊ တီထွင်ဆန်းသစ်မှုရှိကြောင်း ပြသလိုက်တာပါ။ ကျမတော့ ဒီစက်ရုပ်ကို တော်တော်လေး သဘောကျနေပါတယ်။ ဒီစက်ရုပ်က ယူဆောင်ပေးလာမယ့် အများပြည်သူလုံခြုံရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း မြင်ချင်လှပါပြီ” လို့ သူမက ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။

Ref: DailyMail, Metro

You may also like these stories:

အအေးပေးစနစ်ပါဝင်တဲ့ “Mindframe” နားကြပ်အသစ်ကို မိတ်ဆက်လိုက်တဲ့ HP

VR ကျောပိုးအိတ်အသစ်ကို HP ပြသ

အလိုအလျောက် ပစ္စည်း ပို့ဆောင်နိုင်တဲ့ စက်ရုပ်ကို FedEx ပြသ

အလိုအလျောက် မြက်ရိတ်စက်ရုပ်ကို iRobot ပြသ

Loading