ငွေရှင်းကောင်တာကို စောင့်ကြည့်ဖို့နဲ့ ပစ္စည်းခိုးယူမှုတွေကို ဟန့်တားဖို့အတွက် ဆိုင်ပေါင်း ၁,၀၀၀ ကျော်မှာ AI နည်းပညာသုံး ကင်မရာတွေကို တပ်ဆင်သွားမှာဖြစ်ကြောင်း Walmart က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ငွေရှင်းကောင်တာမှာ ဖြစ်ပေါ်တတ်တဲ့ လွဲချော်မှုတွေနဲ့ Scan ဖတ်မှားတာလို ပြဿနာမျိုးတွေကို ဖြေရှင်းဖို့အတွက် အသုံးပြုသွားမှာပါ။ ဒီနည်းပညာကို “Missed Scan Detection” လို့ Walmart က နာမည်ပေးထားပါတယ်။
အလိုအလျောက်ငွေရှင်းနိုင်တဲ့ စက်တွေအပြင် ဝန်ထမ်းကိုင်တွယ်တဲ့ ငွေရှင်းကောင်တာတွေမှာပါ AI ကင်မရာတွေကို တပ်ဆင်ပြီး၊ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ လွဲချော်မှုတစုံတရာ တွေ့တာနဲ့ ငွေရှင်းကောင်တာအစောင့်ကို ဝင်ရောက်စစ်ဆေးဖို့ အသိပေးသွားမှာပါ။ ဥပမာအားဖြင့် ပစ္စည်းတခုက ကုဒ်မဖတ်ဘဲ အိတ်ထဲ ရောက်သွားတာနဲ့ အစောင့်မှာ သတိပေးချက် ဝင်လာမှာ ဖြစ်ပါတ်။
Shrinkage ဆိုတဲ့ ဆုံးရှုံးလေလွင့်မှုပြဿနာတွေကို လျော့ကျစေဖို့ အတွက် ဒီနည်းပညာကို ဖန်တီးထားတာ ဖြစ်တယ်လို့ Walmart က ဆိုပါတယ်။ ‘အလစ်သုတ်မှု၊ Scan ဖတ် မှားယွင်းမှု၊ လှည့်ဖြားမှု စတဲ့ အကြောင်းကြောင်းကြောင့် အမြတ်အစွန်းဆုံးရှုံးရတာ’ ကို လက်လီအရောင်းဆိုင်တွေမှာ Shrikage လို့ ခေါ်ကြပါတယ်။
အမေရိကန်လက်လီအရောင်းဆိုင်တွေအနေနဲ့ Shrikage ကြောင့် ၂၀၁၇ ခုနှစ်အတွင်းမှာ ဝင်ငွေ ၁.၃၃ ရာခိုင်နှုန်း၊ စုစုပေါင်း ဒေါ်လာ ၄၇ ဘီလျံဖိုးလောက် ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံလုံးဆိုင်ရာလက်လီကုမ္ပဏီများအဖွဲ့ က ပြောကြားထားပါတယ်။ ဒီနှုန်းအတိုင်းသာဆိုရင် Walmart လည်း Shrikage ကြောင့် မနှစ်က ဒေါ်လာ ၄ ဘီလျံလောက် ဆုံးရှုံးခဲ့ပုံ ပေါ်ပါတယ်။
“ကျနော်တို့ စတိုးတွေနဲ့ ကားပါကင်တွေမှာ ဒုစရိုက်မှုတွေကို တားဆီး၊ ဟန့်တား၊ လျော့ချနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဒေါ်လာ ဘီလျံဝက်လောက် ရင်းနှီးမြှပ်နှံထားပါတယ်။ ကျနော်တို့ စတိုးဆိုင်တွေနဲ့ ဈေးလာဝယ်သူတွေကို လုံခြုံစိတ်ချမှုအပြည့်ပေးဖို့အတွက် ပရိုဂရမ်အမျိုးမျိုးအပြင် လူအားကော နည်းပညာအားပါ ဆက်လက်ရင်းနှီးမြှပ်နှံပြီး ဆောင်ရွက်နေပါတယ်” လို့ Walmart ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး LeMia Jenkis က ပြောကြားပါတယ်။
AI ကင်မရာတွေနဲ့ စောင့်ကြည့်စစ်ဆေးတဲ့ နည်းပညာကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စတိုးဆိုင်တွေမှာ စမ်းသပ်တပ်ဆင်ထားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အောင်မြင်မှုတွေ ရရှိနေပြီး၊ ဒီကင်မရာတပ်ဆင်ထားတဲ့ ဆိုင်တွေမှာ အလေအလွင့်၊ အဆုံးအရှုံးတွေ လျော့ကျလာတာကို တွေ့ရှိခဲ့ရတယ်လို့ Jenkins က ဆိုပါတယ်။
Walmart နဲ့ Amazon တို့ဟာ AI နဲ့ Computer Vision နည်းပညာတွေကို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံလျက် ရှိပါတယ်။ ဒါပေမယ့် အသုံးချပုံနည်းစနစ်တော့ မတူညီကြပါဘူး။ Amazon က AI နဲ့ ငွေရှင်းပေးသူ မရှိတဲ့ Cashier-less စတိုးတွေ ဖွင့်နိုင်ဖို့ လုပ်ဆောင်လျက်ရှိပြီး၊ Walmart ကတော့ AI နဲ့ ဝန်ထမ်းတွေရဲ့ စွမ်းရည်ကို တိုးမြှင့်ပေးဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။
Ref: Business Insider, The Verge
You May Also Like These Stories:
ရေခဲသေတ္တာထဲအရောက် ပစ္စည်းပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုကို Walmart မိတ်ဆက်
နယ်သာလန်နိုင်ငံက ATM တွေမှာ ကလေးပျောက် ကြေညာတွေ ပြသပေးမည်