စပါးခင်းအတွင်း ပိုးကောင်နဲ့ ပေါင်းပင်များကို နှိမ်နှင်းပေးမယ့် ဘဲစက်ရုပ်ကို Nissan ဖန်တီး
အာရှတိုက်က စပါးစိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေဟာ ဘဲတွေကို ရာစုနှစ်များစွာတိုင် အားကိုးခဲ့ကြပါတယ်။ ဘဲတွေဟာ စပါးခင်းအတွင်းက အဖျက် ပိုးကောင်တွေကို စားပေးကြသလို၊ ဓာတုပိုးသတ်ဆေးတွေ သုံးစရာ မလိုဘဲ မြက်မျိုးနွယ်ဝင် ပေါင်းပင်တွေကို ထိုးဆွ ဖျက်ဆီးပေးနိုင်ကြပါတယ်။ ဒါ့အပြင် ဘဲချေးဆိုတာလည်း စပါးပင်တွေအတွက် သဘာဝမြေသြဇာအဖြစ် အသုံးဝင်ပါတယ်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ မသုံးဘဲ စပါးပင်တွေ ရှင်သန်ကြီးထွားစေဖို့ ဘဲတွေက ကူညီပေးနိုင်ပါတယ်။
၂၁ ရာစုရောက်တဲ့အခါမှာတော့ စပါးခင်းအတွင်း ဘဲကျောင်းတဲ့ ဓလေ့ကို တွေ့ရနည်းလာပါပြီ။ ဒါပေမဲ့ ဘဲတွေလို အသုံးဝင်မယ့် နည်းပညာတခုကို Nissan က ဖန်တီးပေးလိုက်ပါတယ်။
ဂျပန်အခြေစိုက် ကားကုမ္ပဏီ Nissan က အင်ဂျင်နီယာတဦးဟာ စပါးခင်းမှာ ဘဲတွေလို ပြုမူဆောင်ရွက်ပေးမယ့် စက်ရုပ်တရုပ်ကို ဖန်တီးထုတ်လုပ်ထားပါတယ်။ ဘဲမျိုးနွယ်တခုကို အစွဲပြုပြီး “အီဂါမို” လို့ နာမည်ပေးထားပါတယ်။ ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်က ယာမာဂါတာစီရင်စု အတွင်းမှာ စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။
အီဂါမို ဘဲစက်ရုပ်ဟာ အလေးချိန် ၁ ဒဿမ ၅ ကီလိုဂရမ် ရှိပြီး၊ အလိုအလျောက် ဖုန်စုပ်စက်ကြီးတခု အရွယ်လောက်ပဲ ရှိပါတယ်။ စက်ရုပ်အောက်ခြေမှာ ရာဘာဘရပ်ရှ် ဒလိမ့်တုံးနှစ်ခုကို တပ်ဆင်ထားပြီး၊ စပါးခင်းအတွင်း မွှေနှောက်ကူးခတ်ကာ မြက်ပင်ပေါင်းပင်တွေ အမြစ်တွယ် မကြီးထွားအောင် တားဆီးပေးမှာပါ။ စပါးခင်းမှာ ကျရောက်တတ်တဲ့ ခရုဥတွေကိုလည်း အထိုက်အလျောက် ဖျက်ဆီးပေးနိုင်မှာပါ။
စပါးခင်းထဲ အလိုအလျောက် ကူးခတ်သွားလာနိုင်ဖို့အတွက် ဘဲစက်ရုပ်မှာ တည်နေရာပြစနစ် (GPS) နဲ့ Wi-Fi တို့ ပါဝင်ပါတယ်။ နေရောင်ခြည်စွမ်းအင်နဲ့ ပြန်လည်အားဖြည့်နိုင်တဲ့ ဘက်ထရီတို့ အသုံးပြုထားတာကြောင့် သဘာဝပတ်ဝန်းကျင်အတွက်လည်း ထိခိုက်မှု ရှိမှာ မဟုတ်ပါဘူး။ Nissan ဟာ ဒီစက်ရုပ်ကို လောလောဆယ် ဈေးကွက်ဝင် ထုတ်လုပ်ဖို့တော့ ရည်ရွယ်ချက် မရှိသေးဘူးလို့ ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ လူဦးရေလျော့ကျမှုကြောင့် အလုပ်သမားရှားပါးမှုတွေ ဖြစ်ပေါ်နေတာကြောင့် စက်ရုပ်တွေကို နယ်ပယ်တိုင်းမှာ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ Nissan ရဲ့ ဘဲစက်ရုပ်ဟာ ဂျပန်နိုင်ငံရဲ့ ကျဆင်းနေတဲ့ စပါးစိုက်ပျိုးမှုကို ပြန်လည်ဦးမော့လာစေပြီး၊ စပါးခင်းအတွင်း ဘဲကျောင်းမှုဓလေ့ကိုလည်း ပြန်လည်ခေတ်စားလာစေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
Ref: The Verge, Nerdist
You may also like these stories:
အလိုအလျောက် ပစ္စည်း ပို့ဆောင်နိုင်တဲ့ စက်ရုပ်ကို FedEx ပြသ
‘RoboCop’ ကင်းလှည့်စက်ရုပ်ကို ကယ်လီဖိုးနီးယားရဲတပ်ဖွဲ့မှာ စတင် အသုံးပြု
Gatwick လေဆိပ်တွင် အလိုအလျောက် ကားပါကင်ထိုးပေးမည့် စက်ရုပ်များ အသုံးပြုမည်
အိမ်တိုင်ရာရောက် ပစ္စည်းပို့ဆောင်နိုင်တဲ့ စက်ရုပ်ပါ မောင်းသူမဲ့ကားကို Ford ပြသ