အမေရိကန်အခြေစိုက် အမြန်ချောပို့လုပ်ငန်း FedEx Corp က အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနကို တနင်္လာနေ့မှာ တရားစွဲဆို လိုက်ပါတယ်။ အမေရိကန်အစိုးရရဲ့ ကုန်သွယ်မှု ပိတ်ပင်ထားချက်နဲ့ ငြိနေတဲ့ ပစ္စည်းထုပ်တွေကို ကြားထဲက မဆီမဆိုင် တာဝန်အပြည့်ခံနေရတာကြောင့် FedEx က အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။
“နေ့စဉ် လက်ခံပို့ဆောင်ပေးနေတဲ့ ပစ္စည်းထုပ်အားလုံးရဲ့ မူလရင်းမြစ်နဲ့ အသုံးပြုထားတဲ့ နည်းပညာတွေကို သိရှိဖို့၊ တင်ပို့မှုပိတ်ပင်ချက် (EAR) နဲ့ ငြိ၊ မငြိ သိဖို့ဆိုတာက FedEx လို ပစ္စည်းပို့ဆောင်တဲ့ ကုမ္ပဏီတွေအတွက် လုံးဝ မဖြစ်နိုင်တဲ့ ဝန်ထုပ်ဝန်ပိုး တခုပါပဲ” လို့ FedEx က သတင်းထုတ်ပြန်ခဲ့ပါတယ်။
“FedEx ဟာ ပို့ဆောင်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။ ဥပဒေ စိုးမိုးရေး ဌာနတခု မဟုတ်ပါဘူး”လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
နေ့စဉ်တာဝန်ယူ ပို့ဆောင်ပေးနေတဲ့ ပစ္စည်းထုပ် သန်းပေါင်းများစွာကို ကြပ်မတ်စစ်ဆေးဖို့ဆိုတာ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းသဘောအရကော၊ စီးပွားရေးအရပါ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း FedEx က အမှုတွဲမှာ ပြောကြားထားပါတယ်။
လွန်ခဲ့တဲ့ တပတ်က FedEx ဟာ ဗြိတိန်ကနေ ပေးပို့လိုက်တဲ့ Huawei ဖုန်းတလုံးကို FedEx က အမေရိကန်နိုင်ငံထဲ ပို့ပေးဖို့ ငြင်းဆန်ပြီး၊ မူလပေးပို့သူထံ ပြန်ပို့ခဲ့ပါတယ်။ ဒီလုပ်ရပ်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း FedEx ကို ဖြေရှင်းချက်တောင်းထားပါတယ်။
အဲဒီနောက် တရုတ်အစိုးရ က FedEx ကို Blacklist ထဲ ထည့်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်ခဲ့ပြီး၊ ကုမ္ပဏီရဲ့ ရှယ်ယာတွေလည်း တနင်္လာနေ့မှာ ၂ ဒဿမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။
FedEx ကတော့ ဒီပါဆယ်ထုပ်ကို “လုပ်ငန်းပိုင်းဆိုင်ရာအမှားတခု” ကြောင့် ဗြိတိန်နိုင်ငံထံ ပြန်ပို့ခဲ့တာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။ အမေရိကန်နိုင်ငံ လုံခြုံရေးအတွက် တားမြစ်စာရင်းထဲ ပါနေတဲ့ Huawei ပစ္စည်းအချို့ကလွဲလို့ ကျန် Huawei ထုတ်ကုန်အားလုံးကို လက်ခံပို့ဆောင်ပေးမှာ ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားထားပါတယ်။
တရုတ်နိုင်ငံဟာ FedEx အတွက် လုပ်ငန်းတိုးတက်မှုနှုန်းမြန်ဆန်တဲ့ အရေးကြီးဈေးကွက်တခုဖြစ်ပါတယ်။ ဒါပေမဲ့ ယခုလ အစောပိုင်းတုန်းက Huawei ရဲ့ ပါဆယ်ထုပ်တွေကို အခွင့် မရှိဘဲ လိပ်စာပြောင်းပို့ခဲ့တာကြောင့် FedEx ကို စည်းမျဉ်းချိုးဖောက်မှုနဲ့ စစ်ဆေးနေကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။
Ref: Reuters, Tech Crunch