တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ဇွန်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပနေတဲ့ MWC (Mobile World Congress) Shanghai 2019 ပွဲမှာ OPPO က “MeshTalk” လို့ အမည်ပေးထားတဲ့ ဆက်သွယ်ရေးနည်းပညာတခုကို မိတ်ဆက် ပြသသွားခဲ့ပါတယ်။
ဖုန်းကွန်ရက်၊ Wi-Fi ၊ Bluetooth ဘာတခုမှ မလိုဘဲ OPPO ဖုန်းအချင်းချင်း ဖုန်းခေါ်၊ စာပို့ လုပ်နိုင်မယ့် နည်းပညာပါ။ ၃ ကီလိုမီတာ (၁ ဒဿမ ၉ မိုင်) အကွာအဝေးအတွင်း ကောင်းကောင်းအ လုပ်လုပ်တယ်လို့ OPPO က ပြောကြားထားပါတယ်။ လမ်းလျှောက် စကားပြောစက် (Walkie-talkie) ပုံစံမျိုး ဆိုပေမယ့် ပိုမို အဆင့်မြင့်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။
MeshTalk မှာ “ဗဟိုအခြေပြုစနစ် မရှိဘဲ၊ Device အချင်းချင်း တိုက်ရိုက် အပြန်အလှန် ဆက်သွယ်နိုင်တဲ့ ကွန်ရက်နည်းပညာ (Decentralized Network)” သုံး သီးသန့် Chip တခုကို အသုံးပြုထားတယ်လို့ OPPO က ဆိုပါတယ်။
မြန်နှုန်း မြင့်မားပေမယ့် ပါဝါသုံးစွဲမှု နည်းတဲ့ Chip ဖြစ်တာကြောင့် ဖုန်းဘက်ထရီအားလည်း သိပ်ကုန်မှာ မဟုတ်ပါဘူး။ MeshTalk ဖွင့်ထားရင် ဘက်ထရီ ၇၂ နာရီလောက် ခံမယ့် Standby Mode အသစ်ကိုလည်း OPPO က လုပ်ပေးဦးမှာပါ။
OPPO ဖုန်းကိုင်သူ အချင်းချင်းပဲ ဆက်သွယ် ပြောဆိုနိုင်မှာဖြစ်ပြီး၊ ဖုန်းခေါ်၊ စာပို့၊ အသံ မက်ဆေ့ချ် ပို့တာ အားလုံး လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဖုန်းအလုံးရေ အများအပြားနဲ့ LAN ကွန်ရက်တခု ထောင်နိုင်တာကြောင့် Group Chat တွေလည်း ဖွဲ့နိုင်မှာပါ။
အဲဒီအခါ Signal လှိုင်းတွေကို ထပ်ဆင့် လွှင့်ပေးပြီး၊ ဆက်သွယ်ပြောနိုင်တဲ့ အကွာအဝေးလည်း ပိုကျယ်သွားမှာ ဖြစ်ပါတယ်။ လူထူထပ်တဲ့ နေရာဆို OPPO ဖုန်းတွေလည်း များများရှိနိုင်တဲ့အတွက် အကွာအဝေး ပိုကျယ်မှာပါ။ လုံခြုံရေးအတွက် End-to-end Encryption စနစ်လည်း ပါဝင်တာကြောင့် ဆက်သွယ်ပြောဆိုသူ နှစ်ဦးနှစ်ဖက်ပဲ မြင်ရ၊ ကြားရမှာ ဖြစ်ပါတယ်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်း မမိတဲ့ နေရာမျိုး၊ ဖုန်းလိုင်း အရမ်းကြပ်နေတဲ့ အခါမျိုးတွေမှာ MeshTalk ကို အသုံးချနိုင်စေဖို့ OPPO က မျှော်မှန်းထားပါတယ်။ ဖုန်းလိုင်း သိပ်မမိတဲ့ နယ်ဘက်တွေမှာ ပိုအသုံးဝင်နိုင်ပါတယ်။
ဒီနည်းပညာမှာ အထူးပြုလုပ်ထားတဲ့ Chip တခုကို သုံးထားတယ်လို့ ဆိုတာကြောင့် လက်ရှိထွက်ပြီးသား OPPO ဖုန်းတွေမှာတော့ အသုံးပြုနိုင်ဖွယ် မရှိပါဘူး။ နောက်ထပ် အသစ်ထွက်လာမယ့် မော်ဒယ်တွေမှာပဲ ပါဝင်နိုင်လောက်ပါတယ်။ OPPO ကတော့ ဒီနည်းပညာကို ဘယ်တော့ ထုတ်ပေးမလဲဆိုတာ မပြောထားပါဘူး။
Ref: Gizmochina, The Verge
မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်ကို OPPO နဲ့ Xiaomi တို့ ပြသ
Pop-up ကင်မရာပါတဲ့ တန်ဖိုးသင့် K3 ဖုန်းကို OPPO မိတ်ဆက်
OPPO F11 နဲ့ F11 Pro Avengers Limited Edition တို့ကို မကြာခင် မိတ်ဆက်မည်