Pyongyan 2425 စမတ်ဖုန်းမှာ တခြား ကွန်ရက်တွေကို ချိတ်ဆက် အသုံးမပြုနိုင်ဘဲ၊ အစိုးရက လွှင့်ပေးထားတဲ့ “Mirae” Wi-Fi ကွန်ရက်ကိုပဲ ချိတ်သုံးနိုင်ပါတယ်။ Mirae ဆိုတာ ပြည်တွင်းသီးသန့် အင်ထရာနက် (Intranet) ကွန်ရက် ဖြစ်တာကြောင့် ပြည်ပ မီဒီယာတွေကို ဝင်ကြည့်နိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် Pyongyan 2425 ဖုန်းမှာ အစိုးရ ခွင့်ပြုထားတဲ့ App တွေပဲ ပါဝင်မှာပါ။ အသုံးပြုသူတွေအနေနဲ့ ဓာတ်ပုံတွေ ဖွင့်ကြည့်လို့ မရသလို၊ တခါတည်းပါလာတဲ့ Ringtone ကိုလည်း ပြောင်းလို့ မရပါဘူး။
တောင်ကိုရီးယား သတင်းမီဒီယာတခုဖြစ်တဲ့ Daily NK က အဆိုပါ စမတ်ဖုန်းသစ် တလုံးကို လက်ဝယ် ရရှိခဲ့ပြီး၊ Serial Number တွေ တိုက်စစ်ကြည့်ရာမှာ တရုတ်ကုမ္ပဏီတခုက ထုတ်ပေးထားတာကို တွေ့ရှိခဲ့ရပါတယ်။ တရုတ်မှာ အပြီးထုတ်ပြီးမှ မြောက်ကိုရီးယားကို တင်သွင်းပြီး အစိုးရ ဆော့ဖ်ဝဲစနစ် ပြောင်းထည့်ထားတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
“ဘာ ဟာ့ဒ်ဝဲ ပစ္စည်းပဲ သုံးထားပါစေ၊ ဆော့ဖ်ဝဲ ပြောင်းလိုက်မယ်ဆိုရင် ဖုန်းရဲ့ လုပ်ဆောင်မှုပိုင်းမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ဖုန်းကို နိုင်ငံထဲ သွင်းပြီးမှ ဆော့ဖ်ဝဲ ပြောင်းလိုက်တာ ဖြစ်နိုင်ပါတယ်” လို့ ကျွမ်းကျင်သူတဦးက ဆိုပါတယ်။
Pyongyang 2425 ဖုန်း ဓာတ်ပုံတွေမှာတော့ တရုတ်စာနဲ့ အင်္ဂလိပ်စာ သင်နိုင်တဲ့ App တွေ သွင်းသုံးလို့ ရတာ တွေ့ရပါတယ်။ အစိုးရ ခွင့်ပြုထားတဲ့ စွယ်စုံကျမ်းနဲ့ မိုးလေဝသ App တခုနဲ့၊ အရင် Apple Book နဲ့ ပုံစံတူတဲ့ Library App တခုလည်း ပါဝင်တာ တွေ့ရပါတယ်။ အစိုးရဆင်ဆာဖြတ် အကြောင်းအရာတွေပဲ ဖတ်နိုင်မယ့်ပုံပါ။
မြောက်ကိုရီးယားမှာ အင်တာနက်လိုင်း မရှိတာကြောင့် ဖုန်းအသုံးပြုသူတွေအနေနဲ့ App တွေကို ကိုယ်တိုင် Download မလုပ်နိုင်ပါဘူး။ ဒါကြောင့် အရင်က ဖုန်းထဲကို တခုခု သွင်းချင်ရင် ဖုန်းဆိုင်မှာပဲ သွားသွင်းခဲ့ရပါတယ်။ Pyongyang 2425 မှာလည်း ဒီအတိုင်းပဲလားဆိုတာတော့ သေချာ မသိရသေးပါဘူး။
အစိုးရပိုင် ဝါဒဖြန့် မီဒီယာတခုကတော့ Pyongyang 2425 မှာ အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်ပြီး၊ ဝယ်သူ အများအပြား အကြိုက်တွေ့နေကြတယ်လို့ ဖော်ပြထားပါတယ်။ Core ၈ လုံးပါတဲ့ CPU ကြောင့် ၁၅၀ ရာခိုင်နှုန်းအထိ ပိုမြန်လာပြီး၊ Touchscreen သုံးရတာလည်း ပိုပြီး ချောမွေ့လာတယ်လို့ ဆိုပါတယ်။ မျက်နှာနဲ့ ဖုန်းဖွင့်နိုင်တဲ့ Face Unlock စနစ် နဲ့ ကြိုးမဲ့အားသွင်းစနစ် လိုမျိုး အဆင့်မြင့် လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။
အာရှ အရှေ့မြောက်ပိုင်းဆိုင်ရာ ICT ဖိုရမ်တခုက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ မြောက်ကိုရီးယားမှာ လူဦးရေ ၄၀ ရာခိုင်နှုန်းလောက် စမတ်ဖုန်း ကိုင်ကြတယ်လို့ သိရပါတယ်။ ဖုန်းတွေကို ဂိမ်းဆော့ဖို့၊ စာအုပ်ဖတ်ဖို့၊ သီချင်းနားထောင်ဖို့၊ ကာရာအိုကေဆိုဖို့နဲ့ သီးနှံအထွက် တိုးဖို့အတွက် အဓိက အသုံးပြုကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။
Ref. thesun.co.uk
You may also like these stories:
ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်ကို OPPO ပြသ
LG W Series အသစ် စမတ်ဖုန်း ၃ မျိုး အိန္ဒိယနိုင်ငံမှာ တရားဝင် မိတ်ဆက်
Xiaomi နဲ့ Meitu တို့ ပူးပေါင်းကာ Selfie အသားပေး CC ဖုန်းစီးရီးအသစ်ကို မိတ်ဆက်မည်