Galaxy S10 စမတ်ဖုန်းစီးရီးနဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုးဖုန်း Galaxy Fold တို့ကို မိတ်ဆက်ပြီးနောက် လအနည်းငယ်အကြာမှာပဲ Samsung က Galaxy Note အသစ်ကို မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
Samsung ဟာ ယခုနှစ် “Unboxed” ပွဲကို New York မြို့၊ Barclays Center မှာ သြဂုတ်လ ၇ ရက်နေ့ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မီဒီယာတွေကို ဖိတ်စာ စပို့ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မနှစ်က Galaxy Note 9 ကိုလည်း အဆိုပါ ခန်းမမှာပဲ မိတ်ဆက်သွားခဲ့တာပါ။
ပွဲဖိတ်စာမှာတော့ ထုံးစံအတိုင်း S Pen ရဲ့ ဓာတ်ပုံကိုပဲ အဓိက ဖော်ပြထားပါတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက S Pen အောက်တည့်တည့်မှာ ကင်မရာ မှန်ဘီလူးပုံ ပါဝင်နေတာပါ။ Galaxy Note 10 မှာ ရှေ့ကင်မရာကို မျက်နှာပြင် အလယ်တည့်တည့်မှာ အပေါက်ဖောက်ပြီး ထည့်မယ် ဆိုတဲ့ သတင်းတွေ မှန်သွားပြီလို့ ပြောနိုင်ပါတယ်။
Samsung ဟာ Galaxy Note 10 ကို နှစ်မျိုးနှစ်စား ထုတ်မယ်လို့လည်း ကောလာဟလတွေ ထွက်နေပါတယ်။ ၆ ဒဿမ၂၈ လက်မအရွယ် ရိုးရိုး Galaxy Note 10 နဲ့ မျက်နှာပြင်ပိုကြီးတဲ့ ၆ ဒဿမ ၇၅ လက်မအရွယ် Galaxy Note 10 ဆိုပြီး နှစ်မျိုး ထုတ်မှာပါ။ ဒါ့အပြင် Galaxy S10 စီးရီးလိုပဲ Note 10 ကိုလည်း 5G ဗားရှင်း သက်သက် ထုတ်ပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ စုစုပေါင်း Galaxy Note 10 မော်ဒယ် ၄ ခုအထိ တွေ့ရမှာပါ။
Galaxy S10 အတိုင်း Note 10 ဖုန်းတွေမှာလည်း နှုန်းလွန်အသံလှိုင်းသုံး မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာလည်း ပါဝင်လာဖို့ ရှိပါတယ်။ အရင်လိုပဲ Qualcomm ရဲ့ Snapdragon 855 Chipset ရယ် ကိုယ်ပိုင် Exynos 9825 Chipset ရယ် ၂ မျိုး သုံးသွားမှာပါ။ Bixby ခလုတ်ကော 3.5mm ဂျက်ပင်ပေါက်ပါ ပါလာတော့မှာ မဟုတ်ပါဘူး။
သြဂုတ်လ ၇ ရက်နေ့ “Unboxed” ပွဲမှာ Note 10 ဖုန်းသစ်အပြင် ထွက်ဖို့ နှောင့်နှေးနေတဲ့ Galaxy Fold အကြောင်းလည်း ကြားရဖို့ ရှိပါတယ်။ Samsung ရဲ့ ပထမဆုံး ခေါက်ချိုးဖုန်း Galaxy Fold ကို ဖေဖော်ဝါရီကတည်းက မိတ်ဆက်ထားပေမယ့် အခုထိ မရောင်းနိုင်သေးပါဘူး။ အခုတော့ Galaxy Fold က ပြဿနာတွေ အကုန် ဖြေရှင်းပြီးသွားတာကြောင့် စရောင်းတော့မယ်လို့ သိရပါတယ်။
Ref: Gizmo China
You may also like these stories:
Galaxy Note 10 မှာ နားကြပ်ပေါက်အပြင် ခလုတ်အားလုံး ဖြုတ်ပစ်ဖွယ်ရှိ
PC အဖြစ် အသုံးပြုနိုင်တဲ့ Unbox Magic စမတ်တီဗီ စီးရီးအသစ်ကို Samsung မိတ်ဆက်
Samsung က ကိုယ်ထည်အပြင်ဘက် ချိုးကွေးနိုင်သည့် ဖုန်းဒီဇိုင်းအသစ်ကို မူပိုင်ခွင့်တင်