Vivo က iQOO အမှတ်တံဆိပ်နဲ့ ပထမဆုံး Gaming ဖုန်းတလုံးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ “Monster Inside” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း အမြင့်ဆုံး Chipset ၊ 44W အားအမြန်သွင်းစနစ်တွေ ပါဝင်တဲ့ iQOO စမတ်ဖုန်းဟာ လက်ရှိ Vivo ဖုန်းတွေထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံးဖုန်း ဖြစ်ပါတယ်။
ယနေ့မှာတော့ မူလ iQOO ဖုန်းထက် ဈေးအနည်းငယ် ပိုသက်သာပြီး၊ စွမ်းဆောင်ရည် နည်းနည်း လျော့ထားတဲ့ iQOO Neo အသစ်ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ iQOO Neo မှာ ၁ နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ Snapdragon 845 Chipset ကို ပြန်လည် အသုံးပြုထားပါတယ်။ Chipset မော်ဒယ် အဟောင်းဆိုပေမယ့် Snapdragon 800-Series ဖြစ်တာကြောင့် စွမ်းဆောင်ရည်ကတော့ အကောင်းဆုံး အနေအထားမှာ ရှိနေသေးပါတယ်။
၆ ဒဿမ ၃၈ လက်မအရွယ် Full HD+ အရည်အသွေးရှိတဲ့ Super AMOLED မျက်နှာပြင်ကို အသုံးပြုထားပြီး၊ မျက်နှာပြင်အောက် လက်ဗွေရာစနစ် ပါဝင်ပါတယ်။ Digitizer ကို Touch ပိုင်း ပိုမိုချောမွေ့မြန်ဆန်အောင် လုပ်ပေးထားတာကြောင့် စခရင်ပေါ်က ဂိမ်းခလုတ်တွေကို နှိပ်ရာမှာ Lag လုံးဝ ရှိမှာ မဟုတ်ပါဘူး။
iQOO Neo ကို 6GB RAM နဲ့ 8GB RAM ၊ 64GB နဲ့ 128GB Storage ဆိုပြီး နှစ်မျိုးနှစ်စား ထုတ်သွားမှာ ဖြစ်ပါတယ်။ ကျောဘက်မှာ 12MP+ 8MP မြင်ကွင်းကျယ်ကင်မရာ+ 2MP Depth Sensor ကင်မရာ ၃ လုံး ပါဝင်မှာပါ။ ရှေ့ကင်မရာကတော့ 12MP တလုံးတည်း ဖြစ်ပါတယ်။ AI နည်းပညာသုံး အလှပြင်စနစ်တွေနဲ့ Face Unlock တို့ အသုံးပြုနိုင်ပါတယ်။
မိုဘိုင်းဂိမ်းတွေ ဆော့ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်တာကြောင့် သီးသန့် အအေးပေးစနစ်လည်း ပါဝင်မှာပါ။ ဂရပ်ဖိုက်အလွှာ နှစ်ထပ်ကြားမှာ အပူငွေ့ စွန့်ထုတ်ပေးတဲ့ Vapor Chamber တခု ညှပ်ထားပြီး၊ သူ့အပေါ်မှာတော့ အလူမီနီယမ် အပူလျှောက်ပိုက်တချောင်း ထည့်ထားတာ ဖြစ်ပါတယ်။ Snapdragon 845 သုံး အခြားဖုန်းတွေနဲ့ ယှဉ်ရင် အပူချိန် ၃ ဒီဂရီစင်တီဂရိတ်လောက် ပိုနည်းမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
လက်ရှိဖုန်းတွေမှာ ခေတ်စားနေတဲ့ စွမ်းဆောင်ရည်မြှင့်ပေးတဲ့စနစ်တွေလည်း iQOO Neo မှာ ပါရှိပါတယ်။ AI Turbo, Center Turbo, Net Turbo, Cooling Turbo နဲ့ အခြား Features တွေကို Multi-Turbo ဆိုတဲ့ နာမည်အောက်မှာ စုထည့်ပေးထားပါတယ်။
Android 9 Pie စနစ်အခြေခံ Funtouch OS 9 နဲ့ပဲ ထွက်လာမှာပါ။ ဘက်ထရီကတော့ 4,500mAh ရှိပြီး၊ 22.5W Vivo FlashCharge နည်းပညာ ပါဝင်လာပါတယ်။ ဖုန်းအား ၅၀ ရာခိုင်နှုန်းကို နာရီဝက်အတွင်း သွင်းပေးနိုင်မယ်လို့ ဆိုပါတယ်။
iQOO Neo ကို အနက်နဲ့ ခရမ်းရောင် နှစ်မျိုးပဲ ထုတ်သွားမှာပါ။ ဈေးနှုန်းကတော့ 6GB/64GB မော်ဒယ်ကို ၁,၇၉၈ ယွမ် (၂၆၀ ဒေါ်လာ) ဝန်းကျင် ရှိပါတယ်။ 8GB/128GB ထိ ယူမယ်ဆိုရင်တော့ ၂,၂၉၈ ယွမ် (၃၃၅ ဒေါ်လာ) ကျသင့်မှာပါ။
ယခုဖုန်းကို Vivo ရဲ့ အွန်လိုင်းစတိုးကနေ ဒါမှမဟုတ် တရုတ်အွန်လိုင်းအရောင်းဆိုဒ်ကြီးတွေကနေ ကြိုတင်အော်ဒါမှာထားနိုင်ပါပြီ။ ဇူလိုင်လ ၈ ရက်နေ့မှာ ပထမဆုံး Flash Sale ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: GSM Arena, Vivo
You may also like these stories:
Punch-hole Display ပါဝင်တဲ့ ပထမဆုံးဖုန်းကို Vivo မိတ်ဆက်
Vivo ရဲ့ ပထမဆုံး Gaming စမတ်ဖုန်းဖြစ်တဲ့ iQOO ကို မိတ်ဆက်
Vivo က iQOO အမည်ရ အမှတ်တံဆိပ်ခွဲ အသစ်ကို မိတ်ဆက်
၁၀ ပေ အကွာအဝေးကနေ Unlock လုပ်ပေးနိုင်မယ့် Vivo ရဲ့ 3D Face Unlock နည်းပညာ