IT

Punch-hole Display နဲ့ Vivo Z1 Pro ကို အိန္ဒိယမှာ မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Vivo ဟာ အိန္ဒိယစမတ်ဖုန်းဈေးကွက်မှာ ၂၀၁၉ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ဈေးကွက်ဝေစု ၂ ဆ ကျော် တိုးတက်မှု ရှိခဲ့ပါတယ်။ ဖုန်းဝယ်သူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်မှု၊ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ Pop-up ကင်မရာလို နည်းပညာအသစ်အဆန်းတွေကို ဦးစွာ အသုံးပြုနိုင်ခဲ့မှုတွေကြောင့် အိန္ဒိယလို အပြိုင်အဆိုင်များတဲ့ ဈေးကွက်ကြီးတခုမှာ အချိန်တိုအတွင်း အောင်မြင်မှု ရခဲ့တာပါ။

ယနေ့မှာ Vivo က နောက်ထပ် Mid-range စမတ်ဖုန်းအသစ်တလုံးဖြစ်တဲ့ ‘Vivo Z1 Pro’ ကို အိန္ဒိယမှာ စတင် မိတ်ဆက်ပေးလိုက်ပါတယ်။ ရှေ့ကင်မရာအတွက် မျက်နှာပြင်အပေါက်ဖောက်ထားတဲ့ Punch-hole Display ဒီဇိုင်း၊ ကြီးမားတဲ့ ဘက်ထရီ၊ ကျောကင်မရာသုံးလုံးတို့ကို သက်သာတဲ့ဈေးနှုန်းနဲ့ ပေးအပ်ထားတဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။

V15 နဲ့ V15 Pro တို့မှာ Notch ဖျောက်ဖို့အတွက် မော်တာတပ် Pop-up ကင်မရာကို အသုံးပြုခဲ့ပေမယ့်၊ Z1 Pro မှာတော့ နောက်ထပ် နည်းလမ်းတခုကို ပြောင်းသုံးထားပါတယ်။ Samsung ရဲ့ Galaxy S10 စီးရီး ဖုန်းတွေလိုမျိုး ရှေ့ကင်မရာကို မျက်နှာပြင်မှာ အပေါက်ဖောက်ပြီး ထည့်ထားတာပါ။ ၆.၅၃ လက်မအရွယ် Full HD+ LCD Display ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ အပေါက်သေးတခု ပါဝင်ပြီး၊ 32MP ရှေ့ကင်မရာတလုံး ထည့်ပေးထားပါတယ်။ မျက်နှာပြင်ပွန်းပဲ့မှုကို ကာကွယ်ပေးဖို့အတွက် Gorilla Glass 6 ကိုလည်း သုံးပေးထားပါတယ်။

Vivo Z1 Pro ရဲ့ ဒီဇိုင်းကတော့ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့တဲ့ Z5x နဲ့ တပုံစံတည်းပါပဲ။ Z5x ဟာ Vivo ရဲ့ ပထမဆုံး Punch-hole ဒီဇိုင်းသုံး ဖုန်းလည်း ဖြစ်ပါတယ်။ Z1 Pro ရဲ့ ကျောဘက်ကိုယ်ထည်ကို အလင်းပြန်တဲ့ပုံစံ လုပ်ထားပြီး၊ Sonic Black ၊ Sonic Blue နဲ့ Mirror Black ဆိုပြီး သုံးရောင် ရွေးချယ်နိုင်မှာပါ။

အခုဆို တန်ဖိုးသင့်ဖုန်းတော်တော်များများမှာလည်း ကျောကင်မရာသုံးလုံးအထိ ပါဝင်လာပြီဆိုတော့ Vivo Z1 Pro မှာလည်း သုံးလုံး ပါဝင်မှာပါ။ f/1.78 အပါချာနဲ့ 16MP တလုံး၊ 8MP မြင်ကွင်းကျယ်ကင်မရာတလုံးနဲ့ 2MP Depth Sensor တို့ ဖြစ်ပါတယ်။

Vivo က Z1 Pro မှာ ဓာတ်ပုံပိုင်းအပြင် ဂိမ်းမင်းစွမ်းဆောင်ရည်ကိုလည်း ဦးစားပေးထားပါတယ်။ Z5x မှာ Snapdragon 710 ကိုပဲ သုံးခဲ့ပေမယ့် Z1 Pro မှာတော့ Snapdragon 712 အသစ် သုံးပေးထားပါတယ်။ Ultra Game Mode မှာ 4D တုန်ခါမှုနဲ့ 3D ပတ်လည်အသံပြေးစနစ်တို့အပြင် အသံပြောင်းတဲ့ လုပ်ဆောင်ချက် လည်း ပါဝင်လာပါတယ်။ 6GB RAM နဲ့ 128GB Storage တို့ ပါဝင်မှာပါ။ မလောက်ရင် microSD ကတ်နဲ့ 256GB အထိ ထပ်တိုးနိုင်ပါတယ်။

ဘက်ထရီကလည်း 5,000mAh အထိ ပါဝင်တာကြောင့် တနေကုန်နီးပါး အသုံးခံမှာပါ။ 18W အားအမြန်သွင်းစနစ်လည်း ပါဝင်ပါတယ်။

Vivo Z1 Pro ကို 4GB/64GB ၊ 6GB/64GB နဲ့ 6GB/128GB ဗားရှင်းသုံးမျိုး ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၁၇ ဒေါ်လာ၊ ၂၄၇ ဒေါ်လာနဲ့ ၂၆၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။

Vivo ရဲ့ တရားဝင်အွန်လိုင်းစတိုး ဒါမှမဟုတ် Flipkart ကနေ ဂျူလိုင် ၁၁ မှာ စတင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: XDA Developers, GSM Arena

You may also like these stories:

Vivo ရဲ့ Gaming ဖုန်းအသစ် “iQoo Neo” ထွက်ရှိ

Vivo က iQOO အမည်ရ အမှတ်တံဆိပ်ခွဲ အသစ်ကို မိတ်ဆက်

အသွင်း၊ အထုတ် လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ Vivo V15 Pro ကို မိတ်ဆက်

Did you find apk for android? You can find new Free Android Games and apps.
Loading