Huawei ရဲ့ Flagship မော်ဒယ်အသစ် P30 Pro ဟာ လက်ရှိ အကောင်းဆုံး Android ဖုန်းတွေထဲမှာ တလုံး အပါအဝင်ဖြစ်ပါတယ်။ စွမ်းဆောင်ရည်၊ ကင်မရာ၊ ဒီဇိုင်း အဖက်ဖက်မှာ ထိပ်တန်းအရည်အသွေးရှိတဲ့ စမတ်ဖုန်းတလုံးဆိုတာ ငြင်းစရာမရှိပါဘူး။
အခု MWC Shanghai ပွဲမှာလည်း ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးစမတ်ဖုန်းဆုကို Huawei P30 Pro ကပဲ ဆွတ်ခူးသွားပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ထုတ်ထားတဲ့ Flagship ဖုန်းမော်ဒယ်တွေထဲက P30 Pro ကို အာရှမိုဘိုင်းဆု ရဲ့ အကောင်းဆုံးဖုန်းအဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဇိုင်း၊ စွမ်းဆောင်ရည်၊ အသုံးပြုမှုအတွေ့အကြုံ စတဲ့ ကဏ္ဍမျိုးစုံအလိုက် ဂျာနယ်လစ်၊ စျေးကွက်ပညာရှင်တွေနဲ့ နာမည်ကျော်ကြားသူတွေက အမှတ်ပေး ရွေးချယ်ခဲ့တာပါ။
Huawei P30 Series ဟာ စတင်မိတ်ဆက်စဉ်ကတည်းက မီဒီယာ နဲ့ သုံးစွဲသူတွေရဲ့ ချီးကျူးမှုကို ခံခဲ့ရတဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ Leica ကင်မရာလေးလုံး၊ Hybrid Zoom ၁၀ ဆ အထိ ဆွဲရိုက်နိုင်မှု၊ တာရှည်ခံတဲ့ ဘက်ထရီသက်တမ်းတွေကြောင့် တကမ္ဘာလုံးမှာ လူကြိုက်များခဲ့ပါတယ်။
မိတ်ဆက်ပြီးနောက် ၈၅ ရက်အကြာမှာပဲ အလုံးရေ ၁၀ သန်းအထိ စံချိန်တင် ရောင်းချနိုင်ခဲ့တာပါ။ ၁၀ သန်း အရေအတွက်ကို P20 Series ထက် ၆၂ ရက် ပိုမို မြန်ဆန်စွာ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရောင်းအားအမြင့်ဆုံး Huawei Flagship ဖုန်းအဖြစ်လည်း စံချိန်တင်သွားခဲ့ပါတယ်။
Huaewi P30 Pro ဟာ ဘာစီလိုနာမြို့မှာ ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ MWC 2019 ပွဲမှာလည်း GSMA ရဲ့ အကောင်းဆုံး စမတ်ဖုန်းဆုကို ရရှိခဲ့ပါတယ်။ မြင့်မားတဲ့ စွမ်းဆောင်ရည်၊ ကောင်းမွန်တဲ့ ကင်မရာစနစ်၊ ကြာရှည်ခံ ဘက်ထရီသက်တမ်း၊ ဆန်းသစ်တဲ့ အားသွင်းစနစ်နဲ့ ထူးခြားတဲ့ ဒီဇိုင်းတို့ကြောင့် အကောင်းဆုံးဆု ရခဲ့တာ ဖြစ်ပါတယ်။
ထူးခြားချက်တခုက Huawei ကို အမေရိကန်အစိုးရက အမည်ပျက်စာရင်း သွင်းထားစဉ်မှာပဲ Huawei P30 Series က ရောင်းအားစံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ကြည့်ရတာ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုက Huawei P30 Series အပေါ် ရိုက်ခတ်မှု သိပ်မရှိခဲ့သလိုပါပဲ။
ပြီးခဲ့တဲ့ G20 အစည်းအဝေးအပြီးမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ကုမ္ပဏီတွေကို Huawei နဲ့ ပြန်လည်ကုန်သွယ်ခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။ Blacklist ထဲက လုံးဝ ထုတ်လိုက်တာ မဟုတ်ပေမယ့် Huawei အတွက် မုန်တိုင်းအပြီး လေပြည်လာနေပြီလို့ ဆိုနိုင်ပါတယ်။
Ref: IT Wire, GSM Arena
You may also like these stories:
Huawei P30 နဲ့ Huawei P30 Pro အကြောင်း သိထားသင့်သမျှ
Huawei က Nova 5 Series အသစ်ကို မိတ်ဆက်
Honor 20 Series အသစ်ကို ဈေးကွက်တွင်း မကြာမီ မိတ်ဆက်မည်
Gentle Monster နဲ့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Huawei စမတ် နေကာမျက်မှန်