ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Samsung ကို ဖုန်းရေစိုခံကြောင်း သရုပ်ဖော်ထားတဲ့ ကြော်ငြာအချို့ကြောင့် သြစတြေးလျနိုင်ငံမှာ တရားစွဲဆိုထားပါတယ်။
သြစတြေးလျနိုင်ငံ ဈေးကွက်ပြိုင်ဆိုင်မှုနှင့် စားသုံးသူရေးရာ ကော်မရှင် (ACCC) က Samsung ဟာ ဖုန်းမော်ဒယ်အများအပြားရဲ့ ရေစိုခံနိုင်စွမ်းရည်ကို ဝယ်ယူသူတွေ အထင်မှားစေအောင် ပြုလုပ်ထားတယ် ဆိုပြီး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ACCC က Samsung ဟာ ရေစိုခံ Galaxy ဖုန်းတွေကို ရေကူးကန် နဲ့ ပင်လယ်သမုဒ္ဒရာတွေ အနားမှာပါ သုံးလို့ ရသယောင် ကြော်ငြာနေတာကြောင့် သုံးစွဲသူတွေ အထင်မှားစေတယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက အခုလို လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
Samsung ဟာ ရေကူးကန်ရေနဲ့ ပင်လယ်ရေ ထိတွေ့မှုကြောင့် ဖုန်းမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို လုံလောက်စွာ စမ်းသပ်၊ သိရှိခြင်းမရှိဘဲ ကြော်ငြာတွေမှာတော့ ဖုန်းတွေကို ရေထဲ အပြည့်နှစ်၊ စိမ်ပြနေတာ ဖြစ်ကြောင်း ACCC က တိုင်ထားတာပါ။ ရေကူးကန်အောက်ခြေနဲ့ ပင်လယ်သမုဒ္ဒရာထဲမှာ ဖုန်းသုံးပြနေတဲ့ ကြော်ငြာတွေ အပါအဝင် အလားတူ Samsung ကြော်ငြာပေါင်း ၃၀၀ ကျော်ကို အဓိကသက်သေအဖြစ် တင်ပြထားပါတယ်။
“Galaxy ဖုန်းတွေဟာ ရေကူးကန်နဲ့ ပင်လယ်သမုဒ္ဒရာတွေ အပါအဝင် ရေအမျိုးအစား မရွေး ထိတွေ့၊ အသုံးပြုနိုင်တယ်လို့ အထင်မှားအောင် သရုပ်ဖော်ကာ၊ လီဆယ်ကြော်ငြာထားပါတယ်။ ဒီလို ရေတွေနဲ့ ထိလည်း ဖုန်းက ဘာမှမဖြစ်ဘူး ထင်စရာပါ။ တကယ်တော့ မဟုတ်ပါဘူး” လို့ ACCC ရဲ့ သဘာပတိဖြစ်သူ Rod Sims က သတင်းထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
ထိပ်သီး စည်းကမ်းကြပ်မတ်ရေးအဖွဲ့တခုက အဆိုပါလုပ်ရပ်ကြောင့် Samsung ကို ပထမဆုံးအကြိမ် တရားစွဲဆိုလိုက်တာလည်း ဖြစ်ပါတယ်။ စွပ်စွဲမှု မှန်ကန်တယ်ဆိုရင်တော့ ဒေါ်လာသန်းပေါင်းများစွာ ဒဏ်ကြေး ချခံရနိုင်ပါတယ်။
Samsung Galaxy ဖုန်းတော်တော်များများကို IP68 အဆင့် ရေစိုခံနိုင်စွမ်းရှိကြောင်း ကြော်ငြာထားပါတယ်။ ဒီ အဆင့်သတ်မှတ်ချက်အတိုင်းဆို ရေ အနက် ၁.၅ မီတာ (၅ ပေ) လောက်မှာ မိနစ် ၃၀ စိမ်ခံနိုင်ရမှာပါ။ ဒါပေမယ့် ရေအမျိုးအစားအကုန်လုံးမှာ မရဘူးလို့ ACCC က ထောက်ပြထားပါတယ်။
တကယ်တမ်းတော့ Samsung ကိုယ်တိုင်ကလည်း Galaxy S10 ကို ပင်လယ်ကမ်းခြေတွေမှာ မသုံးကြဖို့ တိုက်တွန်းထားပါတယ်။
ဒါပေမယ့် Samsung ဟာ ဖုန်းဝယ်သူတွေ မသုံးမိအောင် ပြရမယ့် နေရာမျိုးတွေမှာ Galaxy ဖုန်းတွေကို သုံးပြပြီး ကြော်ငြာနေတယ်လို့ Sims က ပြောကြားခဲ့ပါတယ်။
Samsung ကတော့ ကုမ္ပဏီရဲ့ ကြော်ငြာမားကတ်တင်း နည်းလမ်းတွေဘက်က အခိုင်အမာ ရပ်တည်မှု ရှိတယ်လို့ Reuters ကို ပြောကြားခဲ့ပါတယ်။ ဒီအမှုကိုလည်း ရင်ဆိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: The Verge, Reuters
You may also like these stories:
ခေါက်ချိုးအသုံးပြုနိုင်တဲ့ Samsung Galaxy Fold စမတ်ဖုန်း တရားဝင် ထွက်ရှိ
ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber မိတ်ဆက်
မျက်နှာပြင်အောက်လက်ဗွေရာစနစ် ပါဝင်တဲ့ Samsung Galaxy A70 ဖုန်းကို ကြေညာ
Samsung Galaxy Note 10 ကို သြဂုတ်လ ၇ ရက်နေ့ မိတ်ဆက်မည်