စမတ်ဖုန်းအသုံးပြုမှု ပိုမိုတွင်ကျယ်လာတာနဲ့ အတူ ဖုန်း Application တွေနဲ့ Game တွေမှာ သုံးစွဲကြတဲ့ ငွေပမာဏလည်း ပိုလို့ များလာပါတယ်။ ၂၀၁၈ ခုနှစ်မှာတင် မိုဘိုင်း App နဲ့ Game တွေအတွက် အသုံးပြုကြတဲ့ ငွေပမာဏဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆို အမေရိကန်ဒေါ်လာ ၇၁ ဘီလျံအထိ ရှိခဲ့ပါတယ်။ အိန္ဒိယအပါအဝင် ကမ္ဘာ့နိုင်ငံအများစုရဲ့ စစ်ရေး အသုံးစရိတ်ထက်တောင် ပိုများပါသေးတယ်။
အခု ၂၀၁၉ ခုနှစ်မှာလည်း တကမ္ဘာလုံးရဲ့ မိုဘိုင်း Application အသုံးစရိတ်က ကျသွားဖို့ မရှိဘဲ ပိုတောင် များလာပါတယ်။ Sensor Tower က ကောက်ယူထားတဲ့ ဒေတာတွေအရ iOS နဲ့ Android အသုံးပြုသူတွေဟာ ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝက်မှာတင် App နဲ့ Game တွေအတွက် ဒေါ်လာ ၃၉ ဒဿမ ၇ ဘီလျံလောက် သုံးခဲ့ကြတယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်၊ ပထမနှစ်ဝက်ထက် ၁၅ ဒဿမ ၄ ရာခိုင်နှုန်း ပိုများလာတာပါ။ Android မှာ Play Store နဲ့ iOS မှာ App Store ဆိုပြီး ရှိတာကြောင့် စတိုးတခုချင်းစီအလိုက် ဒေတာ ခွဲပေးထားပါတယ်။ ထုံးစံအတိုင်း App Store ကတော့ ဝင်ငွေ ပိုများပါတယ်။ Download အရေအတွက်ကတော့ စမတ်ဖုန်း ၁၀ လုံးမှာ ၉ လုံးလောက်က Android ဖုန်းတွေဆိုတော့ Play Store က ပိုများတာ တွေ့ရပါတယ်။
Apple ရဲ့ App Store ဟာ ၂၀၁၉ နှစ်ဝက်အတွင်းမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဝင်ငွေ ဒေါ်လာ ၂၅ ဒဿမ ၅ ဘီလျံ ရရှိခဲ့ပြီး၊ Google Play Store ကတော့ ၁၄ ဒဿမ၂ ဘီလျံ ရရှိခဲ့ပါတယ်။ နည်းတဲ့ ပမာဏတော့ မဟုတ်ပေမယ့် App Store နဲ့ ဝင်ငွေအားဖြင့် တဝက်နီးပါး ကွာပါတယ်။
ဒါပေမဲ့ Google Play Store ဟာ အရင်နှစ်ဝက် နဲ့ ယှဉ်မယ်ဆိုရင် ဝင်ငွေ ၁၉ ဒဿမ ၆ ရာခိုင်နှုန်းအထိ အတက်ပြခဲ့တာပါ။ အရင်နှစ်ဝက်တုန်းက ၁၁ ဒဿမ ၈ ဘီလျံဒေါ်လာ ရခဲ့တာ ဖြစ်ပါတယ်။ App Store ကတော့ အရင်နှစ်ဝက်ထက် ဝင်ငွေ ၂ ဒဿမ ၉ ဘီလျံဒေါ်လာ ပိုများလာပြီး၊ ၁၃ ဒဿမ၂ ရာခိုင်နှုန်း အတက်ပြခဲ့ပါတယ်။ ဝင်ငွေတိုးတက်မှုနှုန်းမှာတော့ Google Play Store က ပိုကောင်းနေတာ တွေ့ရပါတယ်။
တကမ္ဘာလုံးမှာ ငွေသုံးအများဆုံး App ကတော့ ထင်တဲ့အတိုင်း Game App ပဲ ဖြစ်ပါတယ်။ Tencent က ထုတ်ထားတဲ့ Arena of Valor ဂိမ်း ဖြစ်ပါတယ်။ ဒီဂိမ်းမှာ သုံးကြတဲ့ငွေက iOS နဲ့ Android နှစ်ခုပေါင်းဆို ဒေါ်လာ ၇၂၈ သန်းအထိ ရှိပါတယ်။ ဒုတိယဂိမ်းကတော့ Fate/Grand Order နဲ့ တတိယက Monster Strike ဂိမ်းတို့ ဖြစ်ပါတယ်။
Game မဟုတ်တဲ့ တခြား App အမျိုးအစားတွေထဲမှာတော့ Tinder က ဝင်ငွေ ဒေါ်လာ ၄၉၇ သန်းနဲ့ အများဆုံး ဖြစ်ပါတယ်။ Netflix ကတော့ ဒေါ်လာ ၃၉၉ သန်းနဲ့ ဒုတိယနေရာမှာပါ။
Download ပိုင်းကို ကြည့်မယ်ဆိုရင် Google Play Store က အပြတ်အသတ် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ ဒီနှစ် အခုအချိန်ထိ Play Store မှာ စုစုပေါင်း Download ရယူမှု ၄၁ ဒဿမ ၉ ဘီလျံအထိ ရှိနေပါတယ်။ ဒါတောင် Google Play တခုပဲ ထည့်တွက်ထားတာဖြစ်ပြီး၊ တရုတ်နဲ့ တခြား ပြင်ပ Android App Store က ဒေတာတွေ မပါသေးပါဘူး။
App Store ကတော့ Download အရေအတွက် ၁၄ ဒဿမ ၈ ဘီလျံ ရထားပါတယ်။ Download မှာတော့ Apple က အရင်နှစ်နဲ့ ယှဉ်ရင် ကျသွားပြီး၊ Google က တက်လာပါတယ်။ တကမ္ဘာလုံး Download အများဆုံး Apps ၃ ခုကတော့ WhatsApp, Messenger နဲ့ Facebook တို့ ဖြစ်ပါတယ်။ ဒီ App ၃ ခုလုံးကို Facebook ကုမ္ပဏီတခုတည်းက ပိုင်တာပါ။
မိုဘိုင်း OS နယ်ပယ်ထဲမှာ လုပ်ကိုင်နေသူတွေအနေနဲ့ ယခု ဒေတာအစီရင်ခံစာကို စိတ်ဝင်စားလို့ ထပ်မံ လေ့လာချင်ရင် ယခု Link (https://sensortower.com/blog/app-revenue-and-downloads-1h-2019) မှာ လေ့လာနိုင်ပါတယ်။
Ref: Sensor Tower, Gizchina, Wikipedia
You may also like these stories:
Google က Android ဖုန်းကုမ္ပဏီတွေကို Apps အသုံးပြုခ ကောက်ခံမည်
iPad အတွက် Photoshop Full Version ထုတ်ပေးတော့မယ့် Adobe
တရုတ်နိုင်ငံ App Store မှ တရားမဝင် App ပေါင်း ၂၅,၀၀၀ ကို Apple ဖြုတ်ချ