ဂျော်ဒန်နိုင်ငံမှာ PUBG ဂိမ်းကစားခွင့် ပိတ်ပင်
PUBG လို့ အတိုကောက် ခေါ်ကြတဲ့ PlayerUnkown’s Battlegrounds ဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ရေပန်းစားနေတဲ့ အွန်လိုင်း ဂိမ်းတခုပါ။ ဒီဂိမ်းကို အသက်မွေးဝမ်းကြောင်းအဖြစ် ဆော့ကစားနေတဲ့ ကစားသမားတွေလည်း ပြည်တွင်း၊ ပြည်ပမှာ ထွက်ပေါ်နေပါပြီ။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာတော့ PUBG ဂိမ်းဟာ အကြမ်းဖက်မှုကို အားပေးတယ်ဆိုပြီး ကစားခွင့် ပိတ်ခံထားရပါတယ်။
အခုလည်း ဂျော်ဒန်အစိုးရက PUBG Mobile ဂိမ်းဟာ ပြည်သူတွေအပေါ် “မကောင်းတဲ့ အကျိုးသက်ရောက်မှု” တွေ ဖြစ်စေတယ်ဆိုပြီး ဂိမ်းကစားခွင့် လုံးဝ ပိတ်လိုက်ပါတယ်။ ဂျော်ဒန်နဲ့ဆို PUBG Mobile ကစားခွင့် ပိတ်ထားတဲ့ နိုင်ငံပေါင်း ၅ နိုင်ငံ ရှိသွားပါပြီ။
PUBG Mobile ဟာ ဂျော်ဒန်နိုင်ငံမှာ လူဆော့အများဆုံးနဲ့ ရေပန်းအစားဆုံး ဂိမ်းတခု ဖြစ်ပါတယ်။ လုပ်ငန်းအဖွဲ့အစည်းတွေမှာတောင် ဝန်ထမ်းတွေကို ဒီဂိမ်း မဆော့ဖို့ သတိပေးချက် ထုတ်ထားရပါတယ်။
ဂျော်ဒန်နိုင်ငံက စိတ်ကျန်းမာရေးပညာရှင်တွေကလည်း PUBG ဂိမ်းဟာ အကြမ်းဖက်မှုကို အားပေးပြီး၊ လူငယ်အချင်းချင်း အနိုင်ကျင့်မှုကို တွန်းအားပေးနေကြောင်း မကြာခဏ သတိပေးပြောကြားလေ့ ရှိပါတယ်။
ဂျော်ဒန်က PUBG ဂိမ်းကစားသူတွေကတော့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်နေကြပါတယ်။ အရှေ့အလယ်ပိုင်းက အခြားနိုင်ငံအများစုနဲ့ ယှဉ်ရင် ဂျော်ဒန်က ပိုလွတ်လပ်တယ် ဆိုပေမယ့် အစိုးရမှာ ဗီဒီယိုဂိမ်းတခုကို မဆော့ရဆိုပြီး အာဏာရှင်ဆန်ဆန် အတင်းအကြပ် အမိန့်ချနိုင်တဲ့ အာဏာမျိုး ရှိနေသေးကြောင်း ဂျော်ဒန် နိုင်ငံသားတယောက်က Reddit မှာ ညည်းတွားထားပါတယ်။
သိပ်မကြာခင်ကလည်း အီရန်နိုင်ငံမှာ ပါလီမန်အမတ်တွေက PUBG ဂိမ်း တားမြစ်ရေး ဥပဒေမူကြမ်းတခုကို တင်သွင်းခဲ့ပါသေးတယ်။ အခုဆို ဥပဒေအဖြစ် အတည်ပြုလိုက်ပြီ ဖြစ်တာကြောင့် အီရန်မှာ PUBG နဲ့ Fortnite အပါအဝင် ဂိမ်း ၈ မျိုး ကစားခွင့် မရှိတော့ပါဘူး။
ဂျော်ဒန်အပြင် PUBG ဂိမ်းဆော့ခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေကတော့ အိန္ဒိယ (ဂူဂျာရတ်ပြည်နယ်) ၊ နီပေါ၊ အီရတ်နဲ့ အင်ဒိုနီးရှားတို့ ဖြစ်ပါတယ်။
Ref: Gadgets NDTV, Channel News Asia
You may also like these stories:
PUBG Mobile ဂိမ်းဆော့ရန် ဖုန်းအသစ် မဝယ်ပေးလို့ အိန္ဒိယ ဆယ်ကျော်သက်တဦး ကြိုးဆွဲချ သေဆုံး