ခေါက်ချိုးမျက်နှာပြင် နည်းပညာရဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်တဲ့ ခေါက်ချိုး စမတ်ဖုန်းတွေတောင် ဈေးကွက်ထဲ သေချာ မရောက်သေးပေမယ့် ပိုမိုဆန်းသစ်တဲ့ ခေါက်ချိုး Device တွေကို စတင် တွေ့မြင်လာရပါပြီ။ မျက်နှာပြင် အများကြီးပါတဲ့ စာအုပ်ပုံစံ စမတ်ဖုန်း၊ ခေါက်ချိုး Laptop ၊ ဒေါင်လိုက် ခေါက်ချိုးဖုန်း စသဖြင့် ဆန်းသစ်တဲ့ ဒီဇိုင်းအမျိုးမျိုးကို ကုမ္ပဏီပေါင်းစုံက ဖန်တီးနေကြပါတယ်။
ယနေ့မှာလည်း နည်းပညာ ကုမ္ပဏီကြီးတခုဖြစ်တဲ့ IBM က တော်တော်လေး ထူးခြားတဲ့ ခေါက်ချိုးစမတ်နာရီ ဒီဇိုင်းတခုကို မူပိုင်ခွင့် တင်လိုက်ပြန်ပါတယ်။ နာရီ စခရင်လေးတခုကနေ ဖုန်းအရွယ်၊ တက်ဘလက်အရွယ် စခရင် အရွယ်အစားမျိုးစုံကို လက်ကောက်ဝတ်ပေါ်မှာတင် ပြောင်းလဲနိုင်မှာပါ။ လောလောဆယ်တော့ ဒီဇိုင်းပုံစံအဆင့်ပဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့လမှာ မူပိုင်ခွင့်ရခဲ့တာပါ။
IBM ရဲ့ ဒီဇိုင်းပုံကြမ်းတွေကို LetsGoDigital က 3D ပုံဖော်ပေးထားတာ ကြည့်မယ်ဆိုရင် ပထမဦးဆုံး ဘောင်ပျောက် စခရင်နဲ့ စမတ်နာရီ အကြီးတလုံးကို တွေ့မြင်ရမှာပါ။ စခရင် ထည့်ထားတဲ့ ကိုယ်ထည်က သိသိသာသာ ထူနေတာကို သတိထားမိပါလိမ့်မယ်။ ပင်မ စခရင်အောက်မှာ နောက်ထပ် အပို စခရင်တွေ အလွှာလိုက် ထပ်ထည့်ထားတာကြောင့် ထူနေတာ ဖြစ်ပါတယ်။
အဆိုပါ အပို စခရင်တွေကို ကိုယ်ထည်ကနေ အပြင် ဆန့်ထုတ်ပြီး ဖုန်းအရွယ်၊ တက်ဘလက်အရွယ် ပြောင်းလဲရမယ့် ပုံစံပါ။ စခရင်တခုဆီက ၃ လက်မ x ၂ လက်မ ပတ်လည် ရှိပါတယ်။ ပင်မ စခရင်မှာ နောက်ထပ် စခရင် ၃ ခုကို ထပ်ဆက်လိုက်မယ်ဆိုရင် ၆ လက်မ x ၄ လက်မ ပတ်လည် ဖုန်းတလုံး ပုံစံ ဖြစ်သွားမှာပါ။ ဒါက ဒုတိယ ပုံစံပြောင်းလဲမှု ဖြစ်ပါတယ်။
တတိယအဆင့်မှာတော့ စုစုပေါင်း စခရင် ၈ ခု လုံးကို ပေါင်းစည်းလိုက်မယ်ဆိုရင် ၆ လက်မ x ၈ လက်မ ပတ်လည် တက်ဘလက်တလုံး ဖြစ်သွားမှာပါ။ IBM မူပိုင်ခွင့်မှာတော့ စခရင်အရွယ်အစား ဘယ်လိုပြောင်းမလဲဆိုတာ တိတိကျကျ မရှင်းထားပါဘူး။
LetsGoDigital ပုံဖော်ထားသလို ဖဲထုပ်ထဲကနေ ဖဲချပ် တချပ်ချင်းစီ ဆွဲထုတ်တဲ့ နည်းမျိုးပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ယခု ဒီဇိုင်းမှာလည်း အဓိက ပြဿနာတခု ရှိပါတယ်။ ဆန့်ထုတ်ထားတဲ့ အပိုစခရင်တွေကို ဘာနဲ့ ကျားကန်ပေးမလဲ ဆိုတာပါ။ သေချာတာကတော့ ဖုန်း ဒါမှမဟုတ် တက်ဘလက်ပုံစံ သုံးချင်တယ်ဆိုရင် နာရီကို ချွတ်ပြီး အောက်မှာ ချသုံးမှ ရပါလိမ့်မယ်။
စမတ်နာရီ တလုံးမှာ စခရင်အများကြီး ထည့်ပေးတာက ပိုအသုံးဝင်တယ်ဆိုတာတော့ ငြင်းစရာ မရှိပါဘူး။အချိန်၊ ရက်စွဲနဲ့ သတိပေးချက်လောက်ပဲ သိချင်တယ်ဆိုရင် နာရီတလုံးလို စတိုင်ကျကျ ပတ်ထားနိုင်သလို၊ Email, Facebook စတဲ့ တခြား App တွေ သုံးချင်ပြီဆိုရင် ချက်ချင်း ဖုန်းအဖြစ် ပြောင်းနိုင်မှာပါ။ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့လုပ်မယ်ဆိုရင်တော့ တက်ဘလက် ပြောင်းလိုက်ရုံပါပဲ။ သွားလေရာကို တက်ဘလက်ကြီး သယ်သွားစရာလိုမှာ မဟုတ်တော့ပါဘူး။
လောလောဆယ် Samsung နဲ့ Huawei လို ဖုန်းကုမ္ပဏီကြီးတွေတောင် ခေါက်ချိုးဖုန်း ထုတ်ရောင်းဖို့ အခက်တွေ့နေသေးချိန်မှာ IBM ရဲ့ ဒီဇိုင်းက အရမ်း ခေတ်ရှေ့ပြေးနေပါတယ်။ တကယ် ထုတ်ဖို့လည်း မဖြစ်နိုင်သေးဘူးလို့ ယူဆရပါတယ်။ လိုရမည်ရ မူပိုင်ခွင့်တင်ထားတာလည်း ဖြစ်နိုင်ပါတယ်။
၂၆ နှစ်တိုင်တိုင် အမေရိကန်မှာ မူပိုင်ခွင့် အများဆုံး ကုမ္ပဏီအဖြစ် စံချိန်တင်ထားတဲ့ IBM အတွက် မူပိုင်ခွင့်ဆိုတာက အဆန်း မဟုတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် တကယ် ထုတ်နိုင်မယ်ဆိုရင်တော့ သေချာပေါက် လူကြိုက်များမှာပါ။
Ref: Gizmo China, Digital Trends
You May Also Like These Stories:
ZTE ရဲ့ ဖုန်းတဖြစ်လဲ ခေါက်ချိုး စမတ်နာရီ “Nubia Alpha”
တင်းနစ်ကွင်း ၂ ကွင်းစာ ရှိတဲ့ “ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျုတာ”
အအိပ်အစား မက်နေပါက ဓာတ်လိုက်စေမယ့် လက်ပတ်ကို Amazon စတင်ရောင်းချ
လက်မှာ ပတ်ထားနိုင်တဲ့ ခေါက်ချိုးဖုန်းတလုံးကို TCL ဖန်တီးနေ