အသုံးပြုသူတွေရဲ့ အချက်အလက် ပေါက်ကြားမှုကြောင့် Facebook ကို ဒေါ်လာ ၅ ဘီလျံ ဒဏ်ရိုက်
အသုံးပြုသူတွေရဲ့ အချက်အလက် ပေါက်ကြားမှုကြောင့် Facebook ကို ဒဏ်ကြေး ဒေါ်လာ ၅ ဘီလျံ ပေးဆောင်ဖို့ အမေရိကန် ကုန်သွယ်ရေးကော်မရှင် (FTC – Federal Trade Commission) က ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ယမန်နှစ်က Facebook အသုံးပြုသူပေါင်း ၈၇ သန်းကျော်ရဲ့ အတွင်းရေး အချက်အလက်တွေကို Cambridge Analytica ကုမ္ပဏီက မလျော်မကန် ရယူခဲ့ပြီး၊ နိုင်ငံရေးအတွက် အသုံးချခဲ့တဲ့ အရှုပ်တော်ပုံ အပြီးမှာ FTC က Facebook ကို စတင် စုံစမ်းစစ်ဆေးခဲ့တာပါ။
အသုံးပြုသူတွေရဲ့ ဒေတာကို ရယူ၊ အသုံးပြုချင်တယ်ဆိုရင် အသုံးပြုသူတွေထံ အကြောင်းကြားကာ ခွင့်ပြုချက် တောင်းခံရမယ်ဆိုတဲ့ ၂၀၁၁ ခုနှစ် သဘောတူညီချက်ပါ စည်းကမ်းချက်ကို Facebook ဘက်က ချိုးဖောက်မှု ရှိ၊ မရှိ အဓိက စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ ဒဏ်ကြေး ဒေါ်လာ ၅ ဘီလျံ ပေးဆောင်ရန် FTC က ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
ယခု ဆုံးဖြတ်ချက်ကို မဲခွဲ ဆုံးဖြတ်ခဲ့ရာမှာ ၃ မဲ – ၂ မဲနဲ့ အတည်ပြုချက် ရရှိခဲ့တာလို့ သိရပါတယ်။ ရီပတ်ဘလစ်ကန် ပါတီဝင် ကော်မရှင်နာတွေက ထောက်ခံခဲ့ကြပြီး၊ ဒီမိုကရက်တစ် ပါတီဝင်တွေက ကန့်ကွက်ခဲ့ကြကြောင်း New York Times မှာ ဖော်ပြထားပါတယ်။ ဒီမိုကရက်တွေက Facebook ကို ပိုစည်းကမ်း တင်းကြပ်ချင်ကြပြီး ဒဏ်ကြေးနဲ့တင် မလုံလောက်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။
“FTC ဟာ အသုံးပြုသူတွေရဲ့ လွတ်လပ်ခွင့်နဲ့ ဒေတာအချက်အလက်တွေ လုံခြုံစိတ်ချမှု ရှိစေဖို့ အတွက် FTC က ထိုက်သင့်တဲ့ ထိန်းကွပ်မှုမျိုး မလုပ်ချင်၊ ဒါမှမဟုတ် မလုပ်နိုင်တာကြောင့် အခုအချိန်မှာ လွှတ်တော်က ကြားဝင်သင့်ပါပြီ”လို့ အမေရိကန် လွှတ်တော်အမတ် Mark Warner က ပြောကြားခဲ့ပါတယ်။
FTC ရဲ့ ဒဏ်ကြေးပြစ်ဒဏ်ကို အမေရိကန် တရားစီရင်ရေးဌာနက နောက်ဆုံး အတည်ပြုပေးဖို့ လိုနေပါသေးတယ်။ နောက်ထပ် အချိန်ဘယ်လောက် ကြာဦးမလဲဆိုတာတော့ သေချာ မသိရသေးပါဘူး။ အကယ်၍ အဆုံးသတ် အတည်ပြုချက် ရသွားပြီဆိုရင် နည်းပညာ ကုမ္ပဏီတခုကို FTC က ချမှတ်တဲ့ အများဆုံး ဒဏ်ကြေးပမာဏအဖြစ် စံချိန်တင်သွားမှာ ဖြစ်ပါတယ်။
ဒေါ်လာ ၅ ဘီလျံဆိုတဲ့ ဒဏ်ကြေးပမာဏဟာ ယခုနှစ် အစောပိုင်းကတည်းက Facebook ကြိုတင် ခန့်မှန်းထားတဲ့ ပမာဏနဲ့ ကိုက်ညီမှု ရှိနေတာ တွေ့ရပါတယ်။ FTC ရဲ့ ဆုံးဖြတ်ချက်ကို ရင်းနှီးမြှုပ်နှံသူတွေကလည်း သဘောတွေ့ခဲ့ကြတာကြောင့် ယခု သတင်းထွက်လာအပြီးမှဦ Facebook ရဲ့ ရှယ်ယာတန်ဖိုးက ၁ ဒဿမ ၈ ရာခိုင်နှုန်းအထိ ထိုးတက်သွားခဲ့ပါတယ်။
“ဒဏ်ကြေး ၅ ဘီလျံ ဆိုတာ Facebook ကို ၅ လ ကြိုပြီး ခရစ်စမတ် လက်ဆောင် ပေးလိုက်တာပဲ”လို့ ရုဒ်အိုင်လန် မဲဆန္ဒနယ်မြေ ကိုယ်စားပြု အောက်လွှတ်တော်အမတ်၊ ဒီမိုကရက်တစ်ပါတီဝင် David Cicilline က သမုတ်လိုက်ပါတယ်။
“အခုဒဏ်ကြေးက Facebook ရဲ့ တနှစ်ဝင်ငွေနဲ့ ယှဉ်ရင် အသေးအဖွဲလောက်ပဲ ရှိပါတယ်။ အသုံးပြုသူတွေရဲ့ ဒေတာကို ကာကွယ်ရမယ့် တာဝန်ဝတ္တရား ရှိပါလား ဆိုတာတောင် သူတို့ ဆင်ခြင်မိမှာ မဟုတ်ပါဘူး”လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Ref: BBC, Reuters
You May Also Like This Story:
ကိုယ်ပိုင်ငွေကြေးစနစ် Facebook စီစဉ်နေ