Huawei ရဲ့ ပထမဆုံး 5G ဖုန်း “Mate 20 X 5G” ကို ဇူလိုင်လ မကုန်ခင် ဈေးကွက်အချို့မှာ စတင် ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ဇူလိုင်လ ၂၆ ရက်နေ့နဲ့ အီတလီနိုင်ငံမှာ ဇူလိုင်လ ၂၂ ရက်နေ့ ရောင်းချသွားမယ်လို့ သတင်း ရရှိထားပါတယ်။ UAE မှာတော့ ဇူလိုင် ၁၂ ရက်နေ့ကတည်းက စတင် ဝယ်ယူနိုင်မှာပါ။
Huawei ရဲ့ Mate 20 X 5G ဟာ လက်ရှိ ရောင်းနေတဲ့ Mate 20 X နဲ့ အပြင်ပန်း တော်တော်တူညီပါတယ်။ ၇ ဒဿမ၂ လက်မအရွယ် HDR FullHD+ မျက်နှာပြင်၊ ကျောကင်မရာ ၃ လုံး စတဲ့ အတွင်း Specification တွေလည်း အတူတူပါပဲ။ ကွာသွားတာက Mate 20 X 5G ဖုန်းမှာ 5G ကွန်ရက်သစ် ချိတ်ဆက်နိုင်ဖို့အတွက် Huawei ကိုယ်တိုင်ထုတ် 5G Balong 5000 Modem ပါဝင်လာတာ ဖြစ်ပါတယ်။
ဘက်ထရီကိုလည်း 4,200mAh ကနေ 5,000mAh အထိ ပိုကြီးကြီး သုံးပေးထားပါတယ်။ RAM နဲ့ Storage လည်း ထိုနည်း လည်းကောင်းပါပဲ။ အနည်းဆုံး 6GB ကနေ 8GB ၊ 128GB ကနေ 256GB အထိ တိုးပေးထားပါတယ်။ Huawei ရဲ့ ပထမဆုံး 5G သုံးနိုင်တဲ့ဖုန်းကို တခြားနိုင်ငံတွေမှာ ရောင်းချမလားဆိုတာတော့ ရေရာရာရာ မသိရသေးပါဘူး။
အမေရိကန်ရဲ့ “ကုန်သွယ်မှု ပိတ်ပင်တဲ့စာရင်း” ထဲမှာ Huawei နာမည် ရှိနေသေးတော့ ပြောရခက်ပါတယ်။ ဒီဖုန်းကို ပြီးခဲ့တဲ့ ဇွန်လကတည်းက UK မှာ EE နဲ့ Vodafone တို့ရဲ့ 5G ကွန်ရက်သစ်နဲ့အတူ ရောင်းဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမဲ့ Google က Huawei ကို Android လိုင်စင် သိမ်းလိုက်ပြီးနောက်မှာ EE နဲ့ Vodafone ကုမ္ပဏီနှစ်ခုလုံးက Mate 20 X 5G ရောင်းမယ့် အစီအစဉ် ရပ်ဆိုင်းပစ်ခဲ့ကြပါတယ်။
ထရမ့်အစိုးရအဖွဲ့က Huawei အပေါ် ပိတ်ပင်ထားမှုတွေကို ဖြေလျော့ပေးမယ့် အရိပ်အယောင် ပြနေပေမယ့်လည်း အသစ်ထုတ်မယ့် Huawei ဖုန်းတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိမလဲဆိုတာ သေချာ မသိရသေးပါဘူး။ လောလောဆယ်တော့ “ကုန်သွယ်မှု ပိတ်ပင်တဲ့ စာရင်း” ထဲမှာ Huawei ပါနေဦးမှာ ဖြစ်ကြောင်း အမေရိကန် အာဏာပိုင်တွေက ထုတ်ဖော် ပြောကြားထားပါတယ်။
ဒါပေမဲ့ ထရမ့် ကတိပေးခဲ့သလိုပဲ အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ကုန်သွယ်ခွင့် ပေးဖို့ လိုင်စင်တွေ ထုတ်ပေးသွားမှာပါ။ ထုတ်ကုန် ပစ္စည်းတိုင်းတော့ လိုင်စင်ရမှာ မဟုတ်ဘဲ “နိုင်ငံတော်အတွက် လုံခြုံရေးအန္တရာယ် မရှိနိုင်တဲ့ အရာတွေ”ပဲ ကုန်သွယ်ခွင့် ရမှာပါ။ ဒီထဲမှာ Android လိုင်စင်နဲ့ ARM Chip ဒီဇိုင်းတွေ ပါနိုင်လား ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Ref: The Verge, Gizmochina
You May Also Like These Stories:
Huawei ရဲ့ 5G Modem တွေကို Apple ထံ ရောင်းချပေးမည်
HongMeng OS ကို Huawei Mate 30 မှာ ပထမဆုံး အသုံးပြုဖွယ်ရှိ
Galaxy Fold လို ဖြစ်မှာစိုးတာကြောင့် Huawei Mate X ခေါက်ချိုးဖုန်း ထုတ်မယ့်ရက်ကို ရွှေ့ဆိုင်း
ဗြိတိန် 5G ကွန်ရက် တည်ဆောက်ရာမှာ Huawei ပါဝင်ခွင့် ရရှိဟုဆို
ဟွာဝေး 5G နည်းပညာက အမေရိကန်အတွက် အဏုမြူဗုံးသဖွယ် ဖြစ်နေဟုဆို