IT

အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ကုန်သွယ်ခွင့်လိုင်စင် အမြန်ထုတ်ပေးသွားမည်

အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနဟာ နည်းပညာကုမ္ပဏီတွေကို Huawei နဲ့ ကူးသန်းရောင်းဝယ်ခွင့် လိုင်စင်တွေ ပြန်ချပေးတော့မှာ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် လိုင်စင်ရဖို့ အချိန်အကြာကြီး စောင့်စရာ မလိုဘဲ၊ အနည်းဆုံး ၂ ပတ်အတွင်း လိုင်စင် အပြီးရမယ်လို့ အမည်မဖော်လိုသူ အကြီးတန်းအရာရှိတဦးက Reuters ကို ပြောကြားခဲ့ပါတယ်။

အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနဟာ ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ပစ္စည်းထုတ်လုပ်သူ Huawei ကို မေလကတည်းက ကုန်သွယ်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လ G-20 ထိပ်သီးအစည်းအဝေးအပြီးမှာတော့ သမ္မတ Donald Trump က အမေရိကန် ကုမ္ပဏီတွေအနေနဲ့ Huawei ကို ပစ္စည်းပြန်ရောင်းနိုင်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Trump ကတိပေးပြီး မကြာခင်မှာပဲ ကုန်သွယ်ရေးဝန်ကြီး Wilbur Ross ကလည်း Huawei နဲ့ ကုန်သွယ်ချင်တဲ့ ကုမ္ပဏီတွေအနေနဲ့ အထူးလိုင်စင်တွေ လျှောက်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ နိုင်ငံတော် လုံခြုံရေး မထိပါးနိုင်တဲ့ ပစ္စည်းတွေပဲ ရောင်းဝယ်ခွင့် လိုင်စင်ရမှာပါ။

Trump သဘောထား ပြောင်းသွားသလို၊ ကုန်သွယ်ရေး ဝန်ကြီးဌာနကလည်း လိုင်စင်အမြန် ထုတ်ပေးဖို့ စီစဉ်နေတာက Huawei အတွက်တော့ ဝမ်းသာစရာ သတင်းပါ။ Huawei ကို နည်းပညာရောင်းနေတဲ့ အမေရိကန် ကုမ္ပဏီတွေအတွက်လည်း ကောင်းသတင်း ဖြစ်ပါတယ်။ Chip ကုမ္ပဏီတွေရဲ့ တိုက်တွန်းမှု ၊တရုတ်အစိုးရရဲ့ နိုင်ငံရေး ဖိအားပေးမှုတွေကြောင့် အခုလို နေ့ချင်းညချင်း သဘောထား ပြောင်းသွားတာ ဖြစ်မယ်လို့ ယူဆရပါတယ်။

Huawei ဟာ ၂၀၁၈ ခုနှစ်မှာတင် ပစ္စည်းအစိတ်အပိုင်း ဝယ်ယူဖို့အတွက် အမေရိကန်ဒေါ်လာ ဘီလျံ ၇၀ လောက် အသုံးပြုခဲ့ပါတယ်။ ဒီထဲမှာ ဒေါ်လာ ၁၁ ဘီလျံ လောက်က Qualcomm ၊ Intel ၊ Micron Technology စတဲ့ အမေရိကန်ကုမ္ပဏီတွေဆီ ဝင်သွားတာပါ။

“အမေရိကန်ကုမ္ပဏီတွေကို ယာယီလိုင်စင်ပဲ ပြန်ထုတ်ပေးမယ့်အစား ကုန်သွယ်ခွင့်ပိတ်ပင်တဲ့စာရင်း (Entity List) မှာ တားမြစ်ထားတာ မှန်သမျှကို တခါတည်း ဖယ်ရှားပေးသင့်ပါတယ်။ Huawei ဘက်က ဘာမှ မရိုးမဖြောင့် လုပ်ထားတာ မရှိသလို၊ ဘယ်နိုင်ငံအတွက်မှလည်း ဆိုက်ဘာလုံခြုံရေးအန္တရာယ် မရှိကြောင်း စစ်ဆေးတွေ့ရှိထားတာကြောင့် တားမြစ်မှုတွေလုပ်ဖို့ မလိုအပ်ပါဘူး” လို့ Huawei ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

ဒီအတိုင်းဆိုရင်တော့ Huawei နဲ့ အမေရိကန်အစိုးရအကြား ထင်ထားတာထက် စောစီးစွာ ပြေလည်မှု ရတော့မယ့် ပုံပါပဲ။ ၂၀၁၉ နှစ်ဝက် ဝင်လာချိန်မှာတင် ပြေလည်မှု လမ်းကြောင်းပေါ် ရောက်နေပြီဆိုတော့ မကြာခင် အရင် အခြေအနေအတိုင်း ပြန်ဖြစ်သွားနိုင်ပါတယ်။

Ref: GSM Arena, Reuters

You May Also Like These Stories:

အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ပြန်လည် ကုန်သွယ်ခွင့် ပြုလိုက်ပြီ

ကုန်သွယ်ရေး တင်းမာမှုများ အဓိကအာရုံစိုက်လျက် G20 အစည်းအဝေးစတင်

Loading