မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့ဖုန်းဈေးကွက်မှာ လူကြိုက်များတဲ့ Xiaomi Mi A စီးရီးရဲ့ မျိုးဆက်သစ်မော်ဒယ် “Mi A3” ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။ အရင် Mi A မော်ဒယ်တွေထက် ဘက်ပေါင်းစုံ ပိုကောင်းလာတာ တွေ့ရပါတယ်။
Xiaomi Mi A3 မှာ အကြီးမားဆုံး ပြောင်းလဲမှုကတော့ စခရင်ပါ။ အရင်မော်ဒယ် Mi A2 မှာ LCD စခရင်ကို အသုံးပြုခဲ့ပေမယ့် Mi A3 မှာတော့ အရည်အသွေး ပိုကောင်းတဲ့ AMOLED စခရင်ကို ပြောင်းသုံးထားပါတယ်။ Mi A စီးရီးထဲမှာ AMOLED စခရင်သုံး ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။
မျက်နှာပြင်အရွယ်အစား ၆ ဒဿမ ၁ လက်မ ရှိပြီး၊ ခြစ်ရာပွန်းရာ ခံနိုင်ဖို့အတွက် Gorilla Glass 5 မှန်သား အုပ်ပေးထားပါတယ်။ HD+ Resolution ဖြစ်သွားတာကတော့ အားနည်းချက် တခုပါ။ အရင် Mi A1, Mi A2 ဖုန်းတွေက Full HD စခရင်နဲ့ ယှဉ်ရင် ပုံရိပ်ပြတ်သားမှု ပိုနည်းသွားပါလိမ့်မယ်။
Mi A3 ရဲ့ ဒီဇိုင်းနဲ့ သုံးထားတဲ့ Specs တွေကတော့ မကြာခင်က မိတ်ဆက်ထားတဲ့ Xiaomi Mi CC9e နဲ့ တထေရာတည်း ဖြစ်ပါတယ်။ တူဆို Mi CC9e ဖုန်းကိုပဲ နာမည်နဲ့ Android One စနစ် ပြောင်းပြီး ကမ္ဘာ့ဈေးကွက်အတွက် ပြန်ထုတ်ထားတာပါ။ ကျောဘက်ကိုယ်ထည်ကို ဖန်သား အရောင်ပြေး ဒီဇိုင်း လုပ်ထားတာကအစ အတူတူပါပဲ။
Qualcomm ရဲ့ Snapdragon 665 Chipset သုံးထားပြီး၊ 4GB RAM ပါဝင်ပါတယ်။ Storage ကိုတော့ 64GB နဲ့ 128GB ၂ မျိုး ရွေးချယ်နိုင်မှာပါ။ microSD ကတ်လည်း ထပ်စိုက်နိုင်ပါတယ်။
Mi CC စီးရီးက ကင်မရာအသားပေး ဖုန်းတွေ ဖြစ်တာကြောင့် Mi A3 မှာလည်း ကင်မရာပိုင်း ပိုကောင်းလာပါတယ်။ ရှေ့မျက်နှာပြင်အပေါ်က ရေစက်ပုံစံ Notch ထဲမှာ 32MP ရှေ့ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး၊ ကျောဘက်မှာတော့ ကင်မရာ ၃ လုံးတွဲပါ။ 48MP အဓိကကင်မရာ၊ ၁၁၈ ဒီဂရီ မြင်ကွင်းကျယ် ရိုက်နိုင်တဲ့ 8MP Wide-angle ကင်မရာနဲ့ 2MP Depth Sensor တို့ ဖြစ်ပါတယ်။
ချိန်ထားတဲ့ ပုံရိပ်နဲ့ လိုက်ဖက်တဲ့ ရိုက်ကူးမှုပုံစံကို အလိုအလျောက် ပြပေးနိုင်တဲ့ AI လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ ဥပမာအားဖြင့် ကြီးမားတဲ့ အရာဝတ္ထုတခုကို ရိုက်မယ်ဆိုရင် မြင်ကွင်းကျယ်ကင်မရာနဲ့ ပြောင်းရိုက်ဖို့ အကြံပေးသွားမှာပါ။
လက်ဗွေရာဆန်ဆာကို AMOLED မျက်နှာပြင်အောက်မှာ ထည့်သွင်းထားပြီး၊ အရင် Mi A2 မှာ ဖြုတ်ပစ်ခဲ့တဲ့ 3.5mm နားကြပ်ပေါက် ပြန်ပါလာပါတယ်။ 4,030mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ 18W အားအမြန်သွင်းစနစ် အသုံးပြုနိုင်ပါတယ်။
Android One ဖုန်းဖြစ်တာကြောင့် Mi A3 မှာ MIUI အစား Stock Android နီးပါး ရိုးရှင်းတဲ့ Android Pie ကိုပဲ ပြောင်းသုံးထားပါတယ်။ လုံခြုံရေးဆိုင်ရာ Android Updates တွေကို ၃ နှစ်တိတိ လစဉ် ရရှိမှာ ဖြစ်သလို၊ Android OS ကိုလည်း နောက်ထပ် အသစ် ၂ မျိုး အထိ ရမယ်လို့ အာမခံထားပါတယ်။
Xiaomi Mi A3 ကို မီးခိုး၊ အပြာနဲ့ အဖြူ ဆိုပြီးတော့ အရောင် ၃ ရောင်းချသွားမှာပါ။ 64GB မော်ဒယ်က ၂၄၉ ယူရို ရှိပြီး၊ 128GB မော်ဒယ်က ၂၇၉ ယူရို ရှိပါတယ်။ စပိန်နိုင်ငံမှာ ယနေ့မှ စတင်ကာ ကြိုတင်မှာယူနိုင်ပြီး ဇူလိုင်လ ၂၄ ရက်နေ့မှာ စတင် ရောင်းချသွားမှာပါ။ မကြာခင်အချိန်အတွင်း တခြားဈေးကွက်တွေကိုလည်း ရောက်လာဖို့ ရှိပါတယ်။
Ref: XDA Developers, GSM Arena
You may also like these stories:
Xiaomi က Mi CC ဖုန်းစီးရီးအသစ်ကို မိတ်ဆက်
Xiaomi နဲ့ Meitu တို့ ပူးပေါင်းကာ Selfie အသားပေး CC ဖုန်းစီးရီးအသစ်ကို မိတ်ဆက်မည်
Snapdragon 730 နဲ့ Lenovo Z6 စမတ်ဖုန်းကို တရုတ်နိုင်ငံမှာ မိတ်ဆက်
အစိုးရ Wi-Fi ပဲ ချိတ်နိုင်တဲ့ စမတ်ဖုန်းတလုံးကို မြောက်ကိုရီးယား ထုတ်လုပ်