ရှေ့လာမယ့် သြဂုတ်လထဲမှာ Huawei က Smart TV တလုံးကို မိတ်ဆက် ပြသသွားဖို့ ရှိပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး Smart TV ဖြစ်သလို၊ ကိုယ်ပိုင် HongMeng OS ကို ပထမဆုံး အသုံးပြုမယ့် ထုတ်ကုန်လည်း ဖြစ်တယ်လို့ ကုမ္ပဏီ အတွင်းလူတွေက တရုတ် မီဒီယာတခုကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အဆိုပါ Smart TV ကို Honor အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး “Honor Smart Screen” လို့ နာမည်ပေးထားပါတယ်။ ၅၅ လက်မ မော်ဒယ် တမျိုးပဲ အရင်ဆုံး ထုတ်သွားမှာပါ။
Huawei ဟာ Android Application တွေပါ ထည့်သွင်းအသုံးပြုနိုင်တဲ့ HongMeng OS ကို ၂၀၁၂ ခုနှစ်ကတည်းက ရေးဆွဲနေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရက Huawei ကို ကုန်သွယ်မှု ပိတ်ပင်တဲ့ စာရင်းထဲ မသွင်းခင် ၇ နှစ်လောက်အလိုကတည်းက အကောင်အထည် ဖော်နေတာပါ။ အခုတော့ စတင် အသုံးပြုဖို့ အဆင်သင့် ဖြစ်နေပြီလို့ ယူဆရပါတယ်။
HongMeng OS ကို Smart TV မှာ အရင် စမ်းသပ်အသုံးပြုကာ Bugs တွေကို ဖြေရှင်းပြီးမှ စမတ်ဖုန်းတွေမှာ အသုံးပြုသွားမယ့် ပုံစံမျိုးပါ။
Honor ဥက္ကဋ္ဌ Zhao Ming က Honor Smart TV ကို ဖျော်ဖြေရေးအတွက် သာမက အင်တာနက်ချိတ်ဆက် အိမ်သုံးစမတ်ပစ္စည်းတွေအတွက် ပင်မထိန်းချုပ်စင်တာအဖြစ်ပါ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီ TV မှာ ဘာ OS သုံးမလဲဆိုတာတော့ ထုတ်မပြောခဲ့ပါဘူး။
Honor Smart TV ဟာ မိုဘိုင်းဖုန်းတွေမှာပဲ နစ်မြုပ်နေတဲ့ လူတွေရဲ့ အာရုံကို စခရင်အကြီးတွေထံ ပြန်ဆွဲခေါ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း Zhao က ပြောပါတယ်။ ကုမ္ပဏီရဲ့ စမတ်ဖုန်း ထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံတွေကို အသုံးပြုပြီး TV စခရင်တွေကို ပိုမို ဆွဲဆောင်မှု ရှိအောင် လုပ်သွားမှာ ဖြစ်ကာ၊ နည်းပညာအသစ်အဆန်းတွေလည်း ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ TV ကြည့်ရှုနှုန်း တဖြည်းဖြည်း နည်းပါးလာပြီး၊ တနေ့ ပျှမ်းမျှ TV ကြည့်နှုန်းဟာ ၃ နှစ်တာ ကာလအတွင်း ၇၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ ထို့အတူ TV ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေရဲ့ အမြတ်ငွေကလည်း နှစ်စဉ် ကျဆင်းနေပါတယ်။
ဒီလိုအချိန်မှာ Huawei က ကိုယ်ပိုင် OS နဲ့ ပထမဆုံး Smart TV တလုံး ထုတ်ဖို့ ရဲရဲ ဆုံးဖြတ်လိုက်တာပါ။ Huawei နည်းတူ တရုတ် စမတ်ဖုန်း ကုမ္ပဏီတခု ဖြစ်တဲ့ OnePlus ကလည်း ပထမဆုံး Smart TV တလုံး မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။
Ref: Gizmochina, YiCai Global
You may also like these stories:
မေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ကုန်သွယ်ခွင့်လိုင်စင် အမြန်ထုတ်ပေးသွားမည်
Huawei ရဲ့ ပထမဆုံး 5G ဖုန်းကို ယခုလ စတင် ရောင်းချမည်
၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးစမတ်ဖုန်းဆုကို Huawei P30 Pro ဆွတ်ခူး
မောင်းသူမဲ့ ကားတစီးကို Huawei ဖန်တီးနေ