နည်းပညာ ပိုမြင့်လာတာနဲ့အတူ လူသားတွေနေရာမှာ စက်ရုပ်တွေ၊ အလိုအလျောက် စက်စနစ်တွေ အစားထိုး ဝင်ရောက်လာတာကို တွေ့ရမှာပါ။ သက္ကရာဇ် ၂၀၃၀ ရောက်ရင်တော့ တကမ္ဘာလုံးက ထုတ်လုပ်ရေးဆိုင်ရာ အလုပ်အကိုင်ပေါင်း သန်း ၂၀ ခန့်ကို စက်ရုပ်တွေနဲ့ အစားထိုးသွားဖို့ ရှိကြောင်း Oxford Economics ရဲ့ လေ့လာချက် တခုမှာလည်း ဖော်ပြထားပါတယ်။
ဒါကြောင့် ဗြိတိန်အစိုးရဟာ အလိုအလျောက် စက်စနစ်တွေကြောင့် အလုပ်ဆုံးရှုံးနိုင်တဲ့ အလုပ်သမားတွေကို အမျိုးသားစီမံချက် ချမှတ်ပြီး မွမ်းမံ သင်တန်းပေးသွားဖို့ စီစဉ်နေပါတယ်။ အလုပ်အကိုင် ဆုံးရှုံးခဲ့တဲ့ အလုပ်သမားတွေကို အလုပ်အကိုင် အသစ် ရှာဖို့ ဒါမှမဟုတ် နောက်ထပ် အတတ်ပညာသစ်တွေ လေ့လာသင်ယူဖို့ ကူညီပေးသွားမှာပါ။ လီဗာပူးလ်မြို့မှာ အရင်ဆုံး စမ်းသပ်သွားမယ်လို့ သိရပါတယ်။
“AI နဲ့ Automation (အလိုအလျောက် စက်ကိရိယာ) လို နည်းပညာတွေဟာ ကျနော်တို့တွေရဲ့ နေထိုင်ပုံ၊ အလုပ် လုပ်ကိုင်ပုံတွေကို ပြောင်းလဲပစ်နေသလို စီးပွားရေးအတွက်လည်း အကျိုးအမြတ်များစွာ ယူဆောင်ပေးနေပါတယ်”လို့ ဗြိတိန်ပညာရေးဝန်ကြီး Damain Hinds က ပြောကြားခဲ့ပါတယ်။
“ဒီ နည်းပညာတွေကြောင့် အလုပ်အကိုင်တွေလည်း တိုးတက် ပြောင်းလဲနေပါပြီ။ နောက်ဆို တချို့ အလုပ်တွေက အတိတ်မှာပဲ ကျန်ခဲ့တော့မှာပါ။ ယခု အမျိုသား ပြန်လည် လေ့ကျင့်သင်ကြားရေး စီမံချက်က နိုင်ငံအနှံ့က အလုပ်အကိုင် ပြောင်းရနိုင်ခြေရှိတဲ့ အရွယ်ရောက်ပြီးသူတွေကို အတတ်ပညာ အသစ်တွေ သင်ယူဆည်းပူးဖို့၊ ခံစားခွင့်ပိုများတဲ့ အလုပ်အကိုင်အသစ်တွေဆီ ပြောင်းလဲဖို့ အဓိကထား ကူညီပေးသွားမှာ ဖြစ်ပါတယ်”လို့ ဗြိတိန်ပညာရေးဝန်ကြီးက ဆိုပါတယ်။
ယခု စီမံချက်ဟာ ရှုပ်ထွေးကျယ်ပြန့်တဲ့ စိန်ခေါ်မှုတခု ဖြစ်တာကြောင့် အသေးအဖွဲကနေ စရမှာပါ။ လုပ်နေရင်းနဲ့ပဲ ပိုသိလာမှာ ဖြစ်ပါတယ်။ တကယ် အကျိုးရှိပြီ ဆိုတော့မှ စီမံချက်အတိုင်း တခုပြီးတခု ဆက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ Damian Hinds က ပြောကြားခဲ့ပါတယ်။
စက်မှုလုပ်ငန်းသုံး စက်ရုပ်တွေနဲ့ ကွန်ပျူတာ ပရိုဂရမ်တွေကြောင့် အလုပ်အကိုင် ပျောက်ခဲ့ရသူတွေအနေနဲ့ ဝန်ဆောင်မှု အလုပ်နယ်ပယ်မှာလည်း အဆင့်အတန်းတူ အလုပ်အကိုင်တွေကို အလိုအလျောက် စနစ်တွေကပဲ အပြည့်အနှက် ရယူထားတာကို ကြုံတွေ့ရနိုင်ကြောင်း Oxford Economics က ခန့်မှန်းထားပါတယ်။
စက်ရုပ်တွေကြောင့် အလုပ် ဆုံးရှုံးမှုဒဏ်ကို ကျွမ်းကျင်မှု ကောင်းကောင်း လိုအပ်တဲ့ အလုပ်မျိုးတွေထက် ကျွမ်းကျင်မှု အရည်အချင်း သိပ်မလိုအပ်တဲ့ အလုပ်တွေက ၂ ဆ ပိုခံရပါလိမ့်မယ်။ ဒီလိုနဲ့ စီးပွားရေး ကွာဟချက် ပိုကြီးလာပြီး၊ နိုင်ငံရေး ပဋိပက္ခတွေလည်း ပိုဖြစ်လာနိုင်ပါတယ်။ အခုကတည်းက ကွာဟချက်တွေ ကြီးထွားနေပြီ ဖြစ်တယ်လို့ စီးပွားရေး အကြံပေးကုမ္ပဏီ Oxford Economics ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
Surrey တက္ကသိုလ်က ကွန်ပျူတာပညာရှင် ပရော်ဖက်ဆာ Alan Woodward ကတော့ အလိုအလျောက် စက်ပစ္စည်းတွေကြောင့် အလုပ်အကိုင်အချို့ ကွယ်ပျောက်သွားတာကို “မလွဲဧကန်” ကြုံရမယ်လို့ ဆိုပါတယ်။
“အလိုအလျောက် စက်စနစ်တွေက လူတွေကို အလုပ်က ဖယ်ထုတ်ဖို့ မဟုတ်ပါဘူး။ ဒီအလုပ်တွေကနေ လူတွေကို လွတ်လပ်ခွင့်ပေးဖို့ ဖြစ်ပါတယ်။ ကျနော်တို့ လူသားတွေဟာ လက်ချောင်းတွေထက် ဦးနှောက်ကို ပို အသုံးပြုသင့်ပါတယ်။ စက်ပစ္စည်းတွေ မလုပ်နိုင်တဲ့ အရာမျိုးတွေ လုပ်ရမှာပါ။ ရှေ့လျောက် ဒီလမ်းကြောင်းကိုပဲ ဦးတည်သင့်တယ် ထင်ပါတယ်”လို့ Alan Woodward က BBC ကို ပြောကြားခဲ့ပါတယ်။
ဗြိတိန်ရဲ့ နည်းပညာလုပ်ငန်း ကိုယ်စားပြုအဖွဲ့အစည်းတခုဖြစ်တဲ့ TechUK ကလည်း အစိုးရရဲ့ စီမံချက်ကို ဝမ်းသာအားရ ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ စတုတ္ထ စက်မှုတော်လှန်ရေးရဲ့ ရိုက်ခတ်မှုကို မခံရတဲ့ အလုပ်အကိုင်ဆိုတာ ရှိမှာ မဟုတ်တဲ့အတွက် အားလုံးလိုလို အရည်အချင်း အသစ်တွေကို လေ့လာသင်ယူဖို့ လိုအပ်တယ်လို့ TechUK က အကြံပေးထားပါတယ်။
Ref. BBC