OPPO နဲ့ Vivo ဟာ စမတ်ဖုန်းဈေးကွက်မှာ နည်းပညာ အသစ်အဆန်းတွေကို ပုံမှန် ဖန်တီးမိတ်ဆက်ပေးနေတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ မော်တာတပ် Pop-up ကင်မရာ၊ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာ စတဲ့ နည်းပညာအသစ်တွေကို ဒီကုမ္ပဏီတွေက ထုတ်တဲ့ ဖုန်းတွေမှာ အရင်ဆုံး အသုံးပြုခဲ့တာပါ။
အခုလည်း “Dual Wi-Fi Acceleration” ဆိုတဲ့ နည်းပညာသစ်တမျိုးကို OPPO နဲ့ Vivo က တပြိုင်တည်း မိတ်ဆက်ပြသလိုက်ပါတယ်။ ကုမ္ပဏီ နှစ်ခုလုံးက BKK Electronics ရဲ့ လက်အောက်ခံ ကုမ္ပဏီတွေ ဖြစ်တာကြောင့် နည်းပညာ တူနေတာ မဆန်းပါဘူး။
Dual Wi-Fi ဆိုတဲ့ နာမည်အတိုင်း ဖုန်း ဒါမှမဟုတ် တက်ဘလက် တလုံးတည်းကနေ Wi-Fi ကွန်ရက်နှစ်ခုကို တချိန်တည်း ချိတ်ဆက် အသုံးပြုနိုင်မယ့် နည်းပညာပါ။ အင်တာနက် အသုံးပြုရာမှာ မြန်နှုန်း ပိုကောင်းလာမှာ ဖြစ်သလို ဂိမ်းဆော့ရာမှာလည်း လိုင်းအတက်အကျ ပိုငြိမ်သွားမယ်လို့ ဆိုပါတယ်။ ကြိမ်နှုန်း မတူညီတဲ့ 2.4GHz ဒါမှမဟုတ် 5GHz Wi-Fi ကွန်ရက်နှစ်ခုကို တပြိုင်တည်း ချိတ်သုံးနိုင်ပါတယ်။
Dual Wi-Fi Feature ကို Vivo က iQOO ဖုန်းနှစ်လုံးနဲ့ စမ်းသပ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ Feature ပါဝင်တဲ့ ဖုန်းမှာ “Smart Multi-network Acceleration” ဆိုတဲ့ ခလုတ်တခု ပါလာတာကို တွေ့ရမှာပါ။ ဒါကို ဖွင့်ထားမယ်ဆိုရင် အဓိက Wi-Fi ကွန်ရက်တခု ချိတ်ပြီးနောက်မှာ နောက်ထပ် Wi-Fi ကွန်ရက်တခု ထပ်ချိတ်နိုင်ပါသေးတယ်။
OPPO ကတော့ Reno 10x Zoom ဖုန်းနဲ့ စမ်းသပ်ပြခဲ့တာပါ။ ကြိမ်နှုန်း မတူတဲ့ 2.4GHz နဲ့ 5GHz ကွန်ရက်နှစ်ခုကို တပြိုင်တည်း ချိတ်ဆက်ပြခဲ့တာ တွေ့ရပါတယ်။ ကွန်ရက် နှစ်ခုလုံးကနေ အင်တာနက် ချိတ်ဆက်ထားတာကြောင့် လိုင်းပိုငြိမ်သွားသလို။ Download မြန်နှုန်းလည်း သိသိသာသာ တက်သွားပါတယ်။
ရိုးရိုး Wi-Fi တခုပဲ ချိတ်နိုင်တဲ့ ဖုန်းထက် Dual WiFi သုံးထားတဲ့ ဖုန်းက Download မြန်နှုန်း ၃၂၂ ရာခိုင်နှုန်းအထိ ပိုမြန်တယ်လို့ OPPO က ဆိုပါတယ်။ အင်တာနက် စာမျက်နှာတခုကို ခေါ်ယူပြသတဲ့ အချိန် (Page Loading Time) လည်း ၄၄ ဒဿမ ၅ ရာခိုင်နှုန်းအထိ ပိုမြန်သွားမှာပါ။
Dual Wi-Fi နည်းပညာကို Color OS 6 ရဲ့ Feature အသစ်အဖြစ် OPPO Reno 10x Zoom ဖုန်းတွေအတွက် ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ သုံးကြည့်ချင်တယ်ဆိုရင် Dual Wi-Fi Network Firmware Package ကို Download ရယူပြီး၊ Firmware Upgrade လုပ်ပေးရမှာပါ။
Vivo ဖုန်းတွေမှာတော့ ဘယ်အချိန် စပါလာမလဲဆိုတာ မသိရသေးပါဘူး။
Wi-Fi ကွန်ရက်နှစ်ခုက SSID (Wi-Fi နာမည်) တူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ ချိတ်ဆက်နိုင်သလို၊ Dual-band Router တလုံးတည်းက ဖြစ်စေ Router နှစ်လုံးက ဖြစ်စေ လွှင့်ထားတဲ့ Hotspot နှစ်ခုကိုလည်း တပြိုင်တည်း ချိတ်သုံးနိုင်ပါတယ်။
Ref: Slash Gear
You may also like these stories:
Vivo S စီးရီးဖုန်းအသစ် “Vivo S1” ကို မြန်မာနိုင်ငံတွင် မကြာခင် မိတ်ဆက်မည်
Vivo ရဲ့ Gaming ဖုန်းအသစ် “iQoo Neo” ထွက်ရှိ
ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်ကို OPPO ပြသ
Punch-hole Display နဲ့ Vivo Z1 Pro ကို အိန္ဒိယမှာ မိတ်ဆက်