5G မြန်နှုန်းမြင့် ဆက်သွယ်ရေး ကွန်ရက်သစ်ကို တောင်ကိုရီးယား၊ အမေရိကန်၊ ဗြိတိန်၊ မိုနာကို နိုင်ငံတွေမှာ စတင် အသုံးပြုလို့ ရနေပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာဆို 5G လွှင့်ပြီး ၆၉ ရက် အကြာမှာပဲ အသုံးပြုသူဦးရေ ၁ သန်းကျော်အထိ စံချိန်တင်သွားခဲ့ပါတယ်။
အခုဆို တခြားနိုင်ငံတွေကလည်း 5G ကွန်ရက် လွှင့်နိုင်ဖို့ အားစိုက် လုပ်နေကြပြီဆိုတော့ ရှေ့လာမယ့် ၁ နှစ်၊ ၂ နှစ်အတွင်း 5G က ကျယ်ပြန့်လာမှာပါ။ 5G ထွက်လာပြီဆိုပေမယ့်လည်း ဈေးကွက်ထဲမှာတော့ 5G သုံးနိုင်တဲ့ ဖုန်း များများစားစား မရှိသေးပါဘူး။ Samsung ၊ LG တို့ရဲ့ ပထမဆုံး 5G ဖုန်းတွေကလည်း အနည်းဆုံး ဒေါ်လာ ၁,၂၀၀ လောက် ရှိနေပါတယ်။
ဒီခေတ်မှာ 4G Flagship ဖုန်းတလုံးတောင် ဒေါ်လာ ၁,၀၀၀ ဝန်းကျင် ဖြစ်နေပြီဆိုတော့ 5G ဖုန်းတလုံး ဒေါ်လာ ထောင်ကျော်ပေးရတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖုန်းမဟုတ်ဘဲ 5G MiFi စက် တခုတည်းကို ဒေါ်လာ ၆၀၀ ကျော် ပေးရမယ်ဆိုရင်ရော ဘယ်လိုရှိမလဲ။
Verizon က ပထမဆုံး ထုတ်လိုက်တဲ့ “Inseego 5G MiFi M1000” စက်က ဒေါ်လာ ၆၅၀ ဈေး ရှိပါတယ်။ စက်ချည်း သီးသန့်ဈေးပါ Data Package တွေ လုံးဝ မပါဝင်ပါဘူး။ အခု ငွေလဲနှုန်းနဲ့ဆို ကျပ် ၁၀ သိန်းလောက် ပေးရမှာပါ။ 5G MiFi စက်တခုတည်းကို ကျပ် ၁၀ သိန်း ပေးဝယ်ရမယ့် အနေအထား ဖြစ်ပါတယ်။
တခါတည်း မပေးနိုင်ရင်တော့ စမတ်ဖုန်းတွေလိုမျိုး အရစ်ကျနဲ့ ဝယ်နိုင်ပါတယ်။ တလကို ၂၇ ဒဿမ ၀၈ ဒေါ်လာ နဲ့ လပေါင်း ၂၄ လ တိတိ သွင်းရမှာပါ။ Verizon နဲ့ ၂ နှစ် စာချုပ်ချုပ်ရင်တော့ ၄၉၉ ဒဿမ ၉၉ ဒေါ်လာနဲ့ လျော့ရောင်းပေးသွားမှာပါ။
5G MiFi စက် ပြီးရင် Data Plan ဝယ်ဖို့ လိုပါသေးတယ်။ Hotspot သီးသန့် Plan တွေက အနည်းဆုံး တလ ၈၅ ဒေါ်လာကနေ စပါတယ်။ Verizon ကတော့ “Unlimited” လို့ ကင်ပွန်းတပ်ထားပေမယ့် တကယ်တမ်းက 50GB အထိပဲ 5G Speed အပြည့်နဲ့ ရမှာပါ။ 50GB ကျော်သွားရင် 3Mbps ထိုးကျသွားပါလိမ့်မယ်။ ဒီ Plan ထဲမှာပဲ 5G နဲ့ 4G Data ကို သက်သက် ခွဲပေးထားပါတယ်။ 4G High-speed နဲ့က တလ 15GB အထိ ရမယ်။ ကျော်သွားရင် 600kpbs ဖြစ်သွားပါမယ်။
5G ကွန်ရက်မှာ 4K အထိ Video Streaming ကြည့်ခွင့်ပေးထားပြီး၊ 4G နဲ့ ဆိုရင်တော့ 720p အထိပဲ ကန့်သတ်ထားပါတယ်။ 5G MiFi စက်ကို Verizon ရဲ့ Website မှာ ရောင်းနေပါပြီ။
Ref: Ars Technica, GSM Arena
You may also like these stories:
Wi-Fi ကွန်ရက်နှစ်ခု တပြိုင်တည်း ချိတ်သုံးနိုင်တဲ့ နည်းပညာကို OPPO နဲ့ Vivo တို့ ပြသ
Verizon က ကမ္ဘာ့ပထမဆုံး 5G ကွန်ရက်ကို တောင်ကိုရီးယားထက် အရင် လွှင့်တင်
Verizon ကမ္ဘာ့ပထမဆုံး 5G အိမ်သုံး အင်တာနက်ဝန်ဆောင်မှုကို အောက်တိုဘာလမှာ စသုံးနိုင်မည်
ဖုန်း ၁ လုံးမှာ ဖုန်းနံပါတ် ၅ ခု အသုံးပြုနိုင်မယ့် ဝန်ဆောင်မှု Verizon မိတ်ဆက်