Huawei ရဲ့ အမှတ်တံဆိပ်ခွဲ Honor က တရုတ်နိုင်ငံမှာ ဒီနေ့ပဲ ကုန်ပစ္စည်းမိတ်ဆက်ပွဲ တပွဲ ကျင်းပခဲ့ပါတယ်။ Honor 9X ဖုန်းသစ်တွေအပြင် Honor Band 5 ဆိုတဲ့ စမတ်လက်ပတ် အသစ်တမျိုးကိုလည်း အဆိုပါပွဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။
Honor Band 5 ဟာ မကြာခင်က မိတ်ဆက်ထားတဲ့ Xiaomi Mi Band 4 နဲ့ စျေးကွက် တိုက်ရိုက် ယှဉ်ပြိုင်ရမယ့် တန်ဖိုးနည်း စမတ်လက်ပတ် ဖြစ်ပါတယ်။ Mi Band 4 နဲ့လည်း ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ သိပ်မကွာပါဘူး။
Honor Band 5 ရဲ့ အားသာချက် တခုကတော့ သွေးတွင်း အောက်စီဂျင် ပမာဏ တိုင်းတာ ပေးနိုင်တဲ့ ဆန်ဆာ ပါဝင်လာတာ ဖြစ်ပါတယ်။ Hypoxia လို့ ခေါ်တဲ့ အောက်စီဂျင် နည်းတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ လူတွေအနေနဲ့ သွေးထဲက အောက်စီဂျင် ပမာဏကို အမြဲ စောင့်ကြည့် စစ်ဆေးနိုင်မှာပါ။ ဒေါ်လာ ၃၀ အောက် တန်ဖိုးနည်း စမတ်လက်ပတ်မှာ ဒီလို ကျန်းမာရေးအတွက် အသုံးဝင်တဲ့ စွမ်းဆောင်ရည်တခု ထည့်ပေးထားတာက ဝမ်းသာစရာပါ။
Honor Band 5 မှာ ၀ ဒဿမ ၉၅ လက်မအရွယ်ရှိတဲ့ AMOLED Display ကို အသုံးပြုထားပြီး၊ ကာလာစုံ ဖော်ပြနိုင်ပါတယ်။ မျက်နှာပြင်ကို 2.5D Glass လည်း အုပ်ပေးထားပါတယ်။ ဝတ်ဆင်သူ စိတ်ကြိုက် ပြောင်းလဲနိုင်တဲ့ နာရီဒိုင်ခွက် ပုံစံအသစ်တွေလည်း ပါဝင်လာပါတယ်။
စမတ်လက်ပတ်တိုင်း လိုလိုမှာ ပါနေကျ လုပ်ဆောင်ချက်တွေလည်း Honor Band 5 မှာ အစုံအလင် ပါဝင်ပါတယ်။
၂၄ နာရီ အချိန်မရွေး နှလုံးခုန်နှုန်း တိုင်းတာနိုင်တဲ့ ဆန်ဆာ၊ အိပ်စက်မှု အရည်အသွေး တိုင်းတာပေးမယ့် လုပ်ဆောင်ချက် စသဖြင့် အကုန် ပါဝင်မှာပါ။ လက်ပတ်ကနေ ဖုန်းကင်မရာ လှမ်းရိုက်နိုင်သလို ဖုန်းအထားမှားရင် လက်ပတ်ကနေ ရှာနိုင်ပါတယ်။ စက်ဘီးစီး၊ ရေကူး၊ အပြေး စတဲ့ ကာယ လေ့ကျင့်ခန်း ၁၀ မျိုးကိုလည်း အလိုအလျောက် သိရှိ မှတ်တမ်းတင်ပေးနိုင်ပါတယ်။
Mi Band 4 လိုပဲ Honor Band 5 ကလည်း ရေအနက်မီတာ ၅၀ အထိ ရေစိမ်ခံပါတယ်။ ရိုးရိုး မော်ဒယ်နဲ့ NFC ပါတဲ့ မော်ဒယ် ၂ မျိုး ထုတ်သွားမှာပါ။ ဘက်ထရီ သက်တမ်းကတော့ ၁၄ ရက်လောက် ခံမယ်လို့ ကုမ္ပဏီက ပြောထားပါတယ်။
Honor Band 5 ကို ၁၈၉ ယွမ် (၂၈ ဒေါ်လာ) နဲ့ ရောင်းချပေးသွားမှာပါ။ NFC မော်ဒယ်ဆိုရင်တော့ ၃၁ ဒေါ်လာလောက် ပေးရပါလိမ့်မယ်။ ရိုးရိုးမော်ဒယ်ကို ယနေ့က စတင်ပြီး တရုတ်နိုင်ငံမှာ ဝယ်ယ ူနိုင်ပါပြီ။ NFC မော်ဒယ်ကိုတော့ ဇူလိုင် ၂၉ မှာ အွန်လိုင်းကနေ ရောင်းချသွားမှာပါ။ အနက်၊ အပြာနဲ့ ပန်းနုရောင် ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Ref. Gizmo China
You may also like these stories:
ဒေါ်လာ ၁၂၀ ပဲ ပေးရတဲ့ တန်ဖိုးနည်း Honor Play 8 ဖုန်း ထွက်ရှိ
Huawei ရဲ့ ပထမဆုံး Smart TV မှာ ကိုယ်ပိုင် OS အသုံးပြုသွားမည်
ရောင်စုံမျက်နှာပြင်နဲ့ အသံထိန်းချုပ် စနစ်တို့ ပါဝင်လာတဲ့ Mi Band 4 စမတ်လက်ပတ်ကို မိတ်ဆက်
အအိပ်အစား မက်နေပါက ဓာတ်လိုက်စေမယ့် လက်ပတ်ကို Amazon စတင်ရောင်းချ