တန်ဖိုးသင့်ပြီး၊ စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် လူကြိုက်များတဲ့ Honor စမတ်ဖုန်း အသစ်တွေ ထွက်ရှိလာပါပြီ။ တရုတ်နိုင်ငံမှာ ယနေ့ပဲ Honor Band 5 စမတ်လက်ပတ်နဲ့ အတူ မိတ်ဆက်သွားခဲ့တာပါ။
Honor 9X နဲ့ Honor 9X Pro ဖုန်းအသစ် နှစ်မျိုးလုံးမှာ Notch လုံးဝ မပါဝင်တဲ့ စခရင်အပြည့် ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ရှေ့ကင်မရာက အသုံးလိုမှ ကိုယ်ထည်ထဲကနေ ထွက်လာမှာပါ။ ကိုယ်ထည်ကို ဖန်သားနဲ့ သတ္တု ပေါင်းစပ် ထုတ်လုပ်ထားတာပြီး၊ အလေးချိန် ၂၀၆ ဂရမ်ပဲ ရှိမှာပါ။ ကျောဘက် ဖန်သားကိုယ်ထည်ကို လက်ရှိ ခေတ်စားနေတဲ့ အရောင်ပြေးဒီဇိုင်း လုပ်ထားပေမယ့် အများနဲ့ မတူအောင် X ပုံစံ ဖော်ထားတာ တွေ့ရပါတယ်။
Honor 9X နဲ့ 9X Pro ဆိုပြီး ၂ မျိုး ထုတ်ထားပေမယ့် ကိုယ်ထည်ကော၊ စခရင် အရွယ်အစားပါ မကွာပါဘူး။ FHD+ အရည်အသွေးရှိတဲ့ 6.59-inch IPS LCD Display ကိုယ်စီနဲ့ပါ။ TUV Rheinland အသိအမှတ်ပြု မျက်နှာပြင်ကို အသုံးပြုထားတာကြောင့် မျက်စိညောင်းညာ ကိုက်ခဲစေတဲ့ Blue Light ထုတ်လွှတ်မှုကို လျော့ချပေးနိုင်မှာပါ။
Huawei ရဲ့ ဒုတိယမြောက် 7nm Chipset ဖြစ်တဲ့ Kirin 810 ကိုပဲ မော်ဒယ် နှစ်မျိုးလုံးမှာ အသုံးပြုသွားမှာပါ။ Chipset မှာ Liquid Cooling အပူထုတ်စနစ် ထည့်သွင်းပေးထားပါတယ်။
9X Pro က 8GB RAM၊ 256GB Storage နဲ့ပါ။ ရိုးရို 9X ကိုတော့ 4GB RAM ဒါမှမဟုတ် 6GB RAM နှစ်မျိုး ရွေးချယ်နိုင်သလို၊ Storage ကိုလည်း 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုး ရွေးနိုင်ပါသေးတယ်။
Honor 9X Pro နဲ့ 9X မှာ အဓိက ကွာခြားသွားမှာကတော့ ကျောကင်မရာပါ။ 9X က ကျောကင်မရာ ၂ လုံး၊ 9X Pro က ကျောကင်မရာ ၃ လုံးနဲ့ ပါ။ f/1.8 အပါချာနဲ့ 48MP အဓိက ကင်မရာ ၁ လုံး၊ 8MP မြင်ကွင်းကျယ် ကင်မရာ ၁ လုံးနဲ့ 2MP Depth Sensor တို့ ဖြစ်ပါတယ်။
9X မှာတော့ 8MP မြင်ကွင်းကျယ် ကင်မရာ မပါလာပါဘူး။ ရှေ့ Pop-up ကင်မရာကတော့ 16MP တလုံးစီ အတူတူပဲ ဖြစ်ပါတယ်။ ဓာတ်ပုံကော ဗီဒီယိုအတွက်ပါ AI လုပ်ဆောင်ချက်တွေ ပါဝင်မှာပါ။
4,000mAh ဘက်ထရီ၊ USB-C နဲ့ 3.5mm နားကြပ်ပေါက်တွေကိုတော့ မော်ဒယ်နှစ်မျိုးလုံးမှာ တွေ့ရမှာပါ။ လက်ဗွေရာဆန်ဆာကိုလည်း ဘေးဘက်မှာပဲ ထည့်ပေးထားပါတယ်။
Honor 9X စီးရီးကို Andrid 9 Pie စနစ်အခြေခံ EMUI 9.1.1 နဲ့ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဂိမ်းစွမ်းဆောင်ရည်မြှင့်ပေးဖို့ GPU Turbo 3.0 နည်းပညာလည်း ပါဝင်လာဦးမှာပါ။
Honor 9X နဲ့ 9X Pro ကို တရုတ်နိုင်ငံမှာ ယနေ့ကစတင်ပြီး ကြိုတင်အော်ဒါတင်ထားနိုင်ပါပြီ။ Honor 9X ကို ဇူလိုင် ၃၀ နဲ့ 9X Pro ကို သြဂုတ် ၉ ရက်နေ့မှာ ရောင်းချသွားမှာပါ။
စျေးနှုန်းတွေကတော့ Honor 9X အနိမ့်ဆုံးမော်ဒယ် (4GB+64GB) ကို ၁,၃၉၉ ယွမ် (၂၀၃ ဒေါ်လာခန့်) ၊ Honor 9X Pro အနိမ့်ဆုံးမော်ဒယ် (8GB+128GB) ကို ၂,၁၉၉ ယွမ် (၃၁၉ ဒေါ်လာခန့်) သတ်မှတ်ထားပါတယ်။
Ref: Gizmochina
You may also like these stories:
ဒေါ်လာ ၁၂၀ ပဲ ပေးရတဲ့ တန်ဖိုးနည်း Honor Play 8 ဖုန်း ထွက်ရှိ
ကျောကင်မရာသုံးလုံးပါဝင်တဲ့ တန်ဖိုးနည်း Honor 20 Lite ကို မိတ်ဆက်
ပေါက်ဖောက်မျက်နှာပြင်ဒီဇိုင်း အသုံးပြုထားတဲ့ Honor 20 Pro နဲ့ Honor 20 ကို မိတ်ဆက်